Tuesday, May 22, 2018

တညင်းသီးဟာ စားစရာ မဟုတ်ပါ


တညင်းသီးကို English လို Djenkol Bean လိုခေါ်ပြီး၊ သူ့ရဲ့ Scientific name ကတော့ Pithecolobium -lobatum လို့ဆိုပါတယ်။ တညင်းသီးမှာ လူကိုအကျိုးပြုတဲ့ ဗီတာမင်ဓာတ်ပါဝင်မှု မရှိပါဘူး။ သူ့မှာ ပါဝင်တာကတော့ လူကို ဒုက္ခပေး နိုင်တဲ့ အဆိပ်ဓာတ်ပါ။ တညင်းသီးမှာ Djenkolic acid ဆိုတဲ့
အဆိပ်တွေ ၀.၃% ကနေ ၁.၃% အထိပါဝင်ပါတယ်။ တညင်းသီးဟာ အဆိပ်သင့်တတ်တဲ့
အစားအစာ တစ်ခုဖြစ်ပါတယ်။ တညင်းသီးအဆိပ်သင့် တာကို Djenkilism လို့ခေါ်ပါတယ်။ အဆိုးရွားဆုံးကတော့ ကျောက်ကပ် နှစ်ခုစလုံး တစ်ပြိုင်နက်ပျက်စီးပြီး အသက်ဆုံးရှုံးတဲ့အထိ
ဖြစ်နိုင်တာပါပဲ။
တညင်းသီးပေါတဲ့ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရွှေကျင်နဲ့ သံတောင်ကြီးဒေသတွေမှာ တညင်းသီးအဆိပ်သင့်မှု အများဆုံးတွေ့ရပါတယ်။ ရာသီမှာ အဆိုးဆုံးဖြစ်ပြီး နှစ်စဉ် အဆိပ်သင့်မှု
ကြောင့် အသက်ဆုံးရှုံးမှုတွေ ရှိပါတယ်။ အထူးသဖြင့် အဆိပ်သင့်တဲ့အခါ ဆေးရုံ တက်ရောက်ပြီး
စနစ်တကျကုသမှု မခံယူရင်သေဆုံးဖို့ လမ်းပိုများတယ်လို့ဆိုပါတယ်။
အဆိပ်သင့်ခြင်း
တညင်းသီးအဆိပ်ရဲ့ ဖွဲ့စည်းပုံမော်လီကျုးကတော့ အပ်ချောင်းပုံလေးတွေကို ပုတီးသီသလိုသီထားတဲ့
ပုံဖြစ်ပါတယ်။ တော်တော်ရှည်ပြီးတစ်ခုနဲ့တစ်ခုအလွယ်တကူချိတ်တွယ်နိုင်ပါတယ်။ ကျနော်တို့
ခန္ဓာကိုယ်မှာ အဆိပ်တွေဝင်လာရင် အသည်းကပျက်ပြယ်အောင်လုပ်ပေးပါတယ်။ ကျောက်ကပ်
ကတော့ ခန္ဓာကိုယ်က အညစ်အကြေးတွေကို စွန့်ထုတ်ပေးပါတယ်။ တညင်းသီးစားလိုက်ရင် ပါဝင်တဲ့ အဆိပ်တွေဟာ သွေးထဲကို အရင်ရောက်သွားပါတယ်။ ပြီးတဲ့ အခါ အသည်းကိုရောက်ပါတယ်။ အသည်းဟာ ခန္ဓာကိုထဲကို ရောက်လာတဲ့ အဆိပ်တွေကို ပျက်ပြယ်အောင်လုပ်ပေးနိုင်ပေမယ့်
တညင်းသီးမှာပါတဲ့ အဆိပ်ကိုတော့ ပျက်ပြယ်အောင်မလုပ်နိုင်ဘူးလို့ ဆိုပါတယ်။ အဲဒီအခါ ကျောက်
ကပ် ကနေစွန့်ထုတ်ဖို့ကြိုးစားရပါတယ်။
ဒါပေမယ့် တညင်းသီးအဆိပ်မော်လီကျုးရဲ့ တည်ဆောက်ပုံကြောင့် ဆီးပြွန်ငယ်လေးတွေ ပိတ်ဆို့
တတ်ပါတယ်။ နောက်ပြီးအပ်ချောင်းပုံ အဆိပ်မော်လီကျုးတွေကထိုးလို့ သွေးကြောလေးတွေ
ပေါက်တတ်ပါတယ်။ အဲဒီအခါ ဆီးသွားရင် သွေးပါတာ၊ ဆီးသွားနည်းတာတွေ ဖြစ်လာပါမယ်။ ပိုပြီးဆိုးလာတဲ့ အခါဆီးလမ်းကြောင်းပိတ်ပြီး ဆီးလုံးဝသွားလို့ မရဖြစ်လာပါမယ်။ ကျောက်ကပ်
နှစ်ခုစလုံးက ဆီးမထွက်နိုင်လို့ တင်းလာပြီး မခံမရပ်နိုင်အောင် နာကျင်လာပါမယ်။ သွေးထဲမှာ
Urea နဲ့ အဆိပ်အတောက်တွေများလာပြီး ဆေးရုံကိုအချိန်မီ တက်ရောက်ကုသမှု မခံယူရင် အသက်သေဆုံးနိုင်ပါတယ်။ ဒါကို ရုတ်တရက် ကျောက်ကပ်ပျက်စီးခြင်း (Acute renal failure) လို့ခေါ်ပါတယ်။ ကျောက်ကပ်သန့်စင်စက် (Renal dialysis) နဲ့ အချိန်မီကုသ နိုင်မှသာ အမြန်ဆုံး
သက်သာမှာ ဖြစ်ပါတယ်။
တညင်းသီးစားမယ်ဆိုရင်
တညင်းသီးမှာပါတဲ့ အဆိပ်ဓာတ်ဟာ ရေမှာအနည်းငယ်သာ ပျော်ဝင်တဲ့အဆိပ်မျိုးဖြစ်ပါတယ်။
ပျော်ဝင်နှုန်းက ၀.၅% သာဖြစ်ပါတယ်။ တညင်းသီးကို ပြုတ်လိုက်ရင် အဆိပ်ဓာတ်နည်းနည်းသာ
ပျော်ဝင်ပြီးပြည့်ဝသွားတဲ့ အတွက် အဆိပ်တွေထပ်ပြီးမပျော်နိုင်ပါဘူး။ ဒါကြောင့် ရေနဲ့ပြုတ်တဲ့
အခါ တစ်ကြိမ်တည်းနဲ့ မလုံလောက်ပါဘူး။ အနည်းဆုံး သုံးကြိမ်မှ ငါးကြိမ်ထိ ရေများများနဲ့
ပြုတ်ရမှာဖြစ်ပါတယ်။ ပြုတ်ပြီတဲ့ ရေတွေကိုလည်း သွန်ပစ်ပြီး ရေအသစ်နဲ့ ထပ်ပြုတ်ရမှာပါ။ ဒါဆို
ရင်တော့ အန္တရယ်တော်တော်လျော့သွားမှာပါ။ တညင်းသီး အဆိပ်ဟာ 300ֹC ကျော်မှသာ ဓာတ်ပြယ်ပျက်စီးပါတယ်။ ရေဆူမှတ်ဟာ 100ֹC သာရှိတာကြောင့်ဘယ်လိုမှ ဓာတ်မပြယ်နိုင်ပါဘူး။ တကယ်လို့များ မီးဖုတ်ပြီးစားရင် အဆိပ်တွေဟာ ဓာတ်လည်းမပြယ်၊ အပြင်လည်းမရောက်တော့
100% ခန္ဓာကိုယ်ထဲရောက်ပြီး ဒုက္ခပေးမှာဖြစ်ပါတယ်။
တညင်းသီးကို ဆားရည်မှာ ကြာကြာစိမ်ပြီးစာရင်တော့ အဆိပ်တွေတော်တော်လေး လျော့နည်းသွား တယ်လို့ဆိုပါတယ်။ တညင်းသီး အဆိပ်ဟာ ဆားရည်မှာအလွယ်တကူ ပျော်ဝင်ပါတယ်။ သိပ္ပံနည်း
အရ pH များလေလေ ပျော်ဝင်မှု Solubility များလေလေဖြစ်ပါတယ်။ အနံ့ပြင်းပြင်း၊ အဆိပ်ပြင်းပြင်း
တညင်းသီးစားပြီးတဲ့အခါ ပါးစပ်မှာနံနေတာ၊ ဆီးသွားရင် အနံ့ဆိုးတာတွေဟာခန္ဓာကိုယ်ထဲမှာ အဆိပ်တွေဝင်နေပြီလို့ ဆိုလိုတာပါပဲ။ တညင်းသီးအဆိပ်နဲ့ ပတ်သက်ပြီး WHO (1970),South East Journal of Tropical Medicine (1978) စသဖြင့်ထုတ်ပြန်ရေးသားထားတာတွေလည်းရှိပါတယ်
လို့ဆိုတယ်။ ဒါကြောင့် စားပြီးရင် ခန္ဓာကိုယ်ကိုလည်း ဒုက္ခပေးသလို အိမ်သာထဲမှာလည်း အနံ့ဆိုး
ပေတဲ့ ဒီလို အသီးကို အားလုံး တတ်နိုင်သမျှတော့ မစားသင့်ဘူးလို့ ထင်ပါတယ်။
Credit : ဒေါက်တာ ခင်မောင်လွင်
မေတ္တာဖြင့်
အသုပ်စုံ (စာဂျပိုး)

Saturday, May 19, 2018

ငါ့ငွေတွေ ဘယ်ကိုအငွေ့ပျံသွားလဲ


တိုးတက်လာသော မြန်မာနိုင်ငံနှင့် နိုင်ငံသားများ။

အခုလက်ရှိ လဝန်းညိုတို့ နေထိုင်နေသော အမိမြန်မာပြည်ကြီးသည် အစဉ်အဆက် အရှိန်အဟုန်ဖြင့် တိုးတက်လာသည်မှာ ရှစ်နှစ်စွန်းစွန်း အချိန်သို့ ရောက်ရှိလာပြီ ဖြစ်ပါသည်။ ယခင်လွန်ခဲ့သော ကိုးနှစ် ဆယ်နှစ်ခန့်က အချိန် အနေအထားနှင့် ယခု လက်ရှိ မြန်မာရွှေပြည်၏ အနေအထားကို နှိုင်းယှဉ်ကြည့် ပါကလဲ ယခင်အချိန်တွေနှင့် လားလားမျှ မတူညီ ကွဲလွဲနေကြောင်းကိုလဲ မျက်ဝါးထင်ထင် မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။ သို့သော်လဲ လူတွေက ဆင်းရဲဒဏ်ကို ခံနိုင်တယ်၊ ချမ်းသာကြွယ်ဝမှု ဒဏ်ကို မခံနိုင်ဘူး ဆိုတဲ့ ရှေးဆိုရိုး အတိုင်း ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ တိုးတက်မှု ဒဏ်ကို ခံနိုင်ရဲ့လား လို့မေခွန်းထုတ်စရာ ဖြစ်လာပါတယ်။ အကြောင်းကတော့ ယခုချိန် လဝန်းညိုတို့ရဲ့ ဘေးပတ်ဝန်းကျင် မိတ်ဆွေ သူငယ်ချင်း အလယ်အလတ်တန်း မိသားစု တော်တော်များများ ပုံမှန် အလုပ်အကိုင်တွေ ရှိပါလျက်နဲ့ ငွေကြေးအကျပ်အတည်း ဒုက္ခတွေနဲ့ ရင်ဆိုင် နေရခြင်းကြောင့် ဖြစ်ပါတယ်။ လဝန်းညိုရဲ့ အမြင်ကတော့ ထိုသူအားလုံးနီးပါး (လူတချို့မှလွဲ၍) ယခင် ကိုးနှစ် ဆယ်နှစ်ခန့် အချိန်ကတည်းက သင့်တင့် လုံလောက်တဲ့ ဝင်ငွေနဲ့ အလုပ်အကိုင်ကောင်းကောင်း ကိုပိုင်ဆိုင် လုပ်ကိုင်နေကြသော မရှိမရှား အလယ်အလတ်တန်း မိသားစုများ  ဖြစ်ပါတယ်။ ၄င်းတို့အားလုံးဟာ ယခင် အချိန်တွေကတည်းက ဒီအလုပ်ပဲလုပ်ပြီး ဒီဝင်ငွေနဲ့ပဲ ရပ်တည်လာခဲ့ကြတာ လဝန်းညို တစ်သက်ပဲ လို့တောင် ပြောလို့ ရပါတယ်။ လဝန်းညိုတို့ ရွှေနိုင်ငံကြီး တိုးတက်လာချိန်မှာ အားကျမခံ လိုက်တက်လာတဲ့ ကုန်ဈေးနှုန်း အလိုက်လဲ သူတို့ရဲ့ ဝင်ငွေပမာဏကလည်း လိုက်တက်လာတာ ဖြစ်တဲ့ အတွက် ကုန်ဈေးနှုန်းကိုတော့  ရမယ်ရှာလို့ မရနိုင်ကောင်းဘူး ထင်ပါတယ်။ ဒါဆို အဲ့ဒီအဖြစ်အပျက်တွေရဲ့ အဖြေက ဘာဖြစ်နိုင်လဲ စဉ်းစားကြည့်ရအောင်။

လဝန်းညို ဥာဏ်မှီသလောက် ပြောရမယ်ဆိုရင်တော့ တိုးတက်လာတဲ့ နည်းပညာ ပစ္စည်းအသစ် အသစ် တွေနဲ့ လူတွေမှာ ရှိတဲ့ လောဘ သဟဇာတ မဖြစ်သေးတာ လို့ပဲ မြင်ပါတယ်။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်တို့ ရွှေနိုင်ငံကြီး စပြီး တိုးတက်မှုလမ်းကြောင်းပေါ် ရောက်တဲ့အချိန် ၂၀၁၀ မှာ မြန်မာနိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က နိုင်ငံသူ နိုင်ငံသားများ ကောင်းစားရေးအတွက် ယခင်အစိုးရ ပိတ်ပင်ထားတဲ့ ကုန်သွယ်မှု စီးပွားရေးလမ်းကြောင်းတွေ၊ အလုပ်အကိုင် အခွင့်လမ်းတွေ အများကြီး ကိုခွင့်ပြုပေးခဲ့ ပါတယ်။ ၄င်းအခွင့်လမ်းနှင့် အညီလဲ မြန်မာပြည်သားတွေ စားဝတ်နေရေးအတွက် ငွေရှာရာမှာ ယခင်ကထက် အများကြီး ပိုမိုချောမွေ့ လွယ်ကူသွားခဲ့ပါတယ်။ ထို့အတူ နိုင်ငံတကာက ဝင်ရောက်လာတဲ့ အလုပ်အကိုင် အခွင့်လမ်းများ၊ ရင်းနှီးမြုပ်နှံလိုသူများ၊ နည်းပညာနှင့် နည်းပညာပစ္စည်းအသစ်များ စတဲ့ တိုးတက်တဲ့နိုင်ငံ တွေမှာ ရှိသင့်ရှိအပ်တဲ့ အရာများစွာ ပြည်တွင်းသို့ တရားဝင်ရော တရားမဝင်ရော နည်းလမ်းပေါင်းစုံနဲ့ အင်တိုက်အားတိုက် ဝင်ရောက်လာပါတယ်။ ထိုဝင်ရောက်လာသော နည်းပညာအသစ်တွေ ခေတ်မှီပစ္စည်း အသစ်တွေဟာ မြန်မာနိုင်ငံသား အများစုအတွက် အသစ်အဆန်း ဖြစ်နေကြပြီး ထိုအရာများထဲမှာ ကောင်းသော အရာပါဝင်သလို ဆိုးကျိုးပေးသော အရာများလဲ တစ်ချို့တစ်လေ ပါဝင်လာခဲ့ပါတယ်။ ဥပမာ ယခင် စစ်အစိုးရ လက်ထက်က လက်ကိုင်ဖုန်း နံပါတ်တစ်လုံးကို သိန်း ၂၀ ကနေ ၃၀ ကြားဈေးပေါက်နေရာမှ မြန်မာပြည်ရဲ့ ရွှေခေတ် အစပိုင်းကာလမှာ ကျပ်ငွေ ငါးသိန်းဖြင့်သာ ဝယ်ယူရရှိနိုင်တာမျိုး။ ယခင် သိန်းထောင်ချီပြီး ပေးရတဲ့ Toyota Mark II ကားတစ်စင်းကို ယခု ကားဟောင်းများ သိမ်းပြီး အသစ်တင်သွင်းခွင့်တွေ ပေးလိုက်တော့ သိန်းသုံးရာ စွန်းစွန်းဖြင့် ဝယ်နိုင်တာမျိုး၊ ယခင်စစ်အစိုးရခေတ် မြန်မာနိုင်ငံသားများ ပြည်ပကို ထွက်ခွာဖို့ တော်တော် ခက်ခဲခဲ့ပေမယ့် (သာမှန်ပြည်သူ၊ပြည်သား များကိုဆိုလိုသည်။ ခရိုနီမပါ) ယခုအချိန်တွင်တော့ ဘယ်နိုင်ငံ ဖြစ်ဖြစ် သံရုံးသွား ဗီဇာလျောက် ပြီးရင် သွားလို့ရပြီ ဆိုသလောက်ထိ လွယ်ကူလျှင်မြန် သွားတာမျိုး စတဲ့ အခြားအခြားသော ကောင်းကျိုးများစွာ ကိုလဲ ခံစားခဲ့ရတာ စာဖတ်ပရိသတ်ကြီးလဲ ကိုယ်တွေ့ ဖြစ်မှာပါ။

သို့ပေမယ့် အခြားတစ်ဖက်မှ ကြည့်ချိန်မှာတော့ ကောင်းပေ့ ညွန့်ပေ့ဆိုတဲ့ ပစ္စည်းအသစ်အဆန်း တွေနောက်ကွယ်က ၄င်းရဲ့ အသုံးစရိတ် ဆိုတဲ့ ကြောက်စရာ ငွေယိုပေါက်ကြီး တစ်ခုကိုတော့ ထိုစဉ်အခါက မြင်မိသူ သိပ်ရှားပါတယ်။ လဝန်းညို ကိုယ်တိုင်လဲ မမြင်ခဲ့မိဘူး ဆိုတာကိုတော့ ဝန်ခံပါရစေ။ အနီးစပ်ဆုံး ဥပမာ ပေးရရင် စာဖတ်သူ အခုလက်ထဲမှာ ကိုင်ထားတဲ့ လက်တစ်ဝါးစာ ဖုန်းသို့မဟုတ် စာအုပ်တစ်အုပ်စာ တက်ဘလက် များမြန်မာပြည် ဈေးကွက်ထဲ စတင်ဝင်ရောက်လာတာ ၂၀၁၀ နောက်ပိုင်းမှ ဖြစ်ပါတယ်။ ယခင် စစ်အစိုးရလက်ထက်က အင်တာနက်တွေ သုံးကြမှာ စိုးလို့ တကယ်ခေတ်မှီပြီး အစုံသုံးလို့ရတဲ့ ဟန်းဆက်တွေ မကိုင်စေချင်လို့ ဖုန်းပြောရန် အတွက်သာ ခွင့်ပြုထားခဲ့ကြပါတယ်။ ထို့ကြောင့် ဝယ်ပြီးရင်လဲ သုံးမရတော့ ဘာမှ မထူးဘူး ဆိုပြီး ထိုအချိန်က ဟန်းဖုန်း ကိုင်နိုင်သူ အားလုံးကလဲ Keypad ဖုန်းကမြောက်ကချောက် လောက်နဲ့ ကျေနပ်တင်းတိမ် ခဲ့ရတာပေါ့။ သမ္မတကြီး ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အချိန်မှာ ဖုန်းတွေကို တဖြည်းဖြည်းနဲ့ နံပါတ်တစ်ခုကို ကျပ်ငွေ ၁၅၀၀ ထဲနဲ့ ဝယ်နိုင်အောင် ဈေးတွေလျှော့ပေးလိုက်ချိန်မှာတော့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ ပျော်လိုက် ဝမ်းသာလိုက်ကြတာ ပြောမနေနဲ့။ ယခင် နှစ်သိန်း၊ ငါးသိန်း ခေတ်က ဖုန်းဝယ်ထားမိတဲ့ သူတွေက လွဲလို့ ပေါ့နော်။ ထိုသူများကလဲ(ဈေးကြီးစဉ် ဖုန်းဝယ်ထားမိသူများ) ဘယ်လောက်ပဲ စိတ်ဆိုးစိတ်ဆိုး မြန်မာလူမျိုး တို့ရဲ့ ထုံးစံအတိုင်း ကြာကြာမခံပါဘူး ၁၅၀၀ တန်ဆင်း(မ်)ကဒ် တစ်ကဒ်ထပ်ဝယ်ပြီး ဆင်း(မ်) နှစ်ကဒ်ထိုးလို့ရတဲ့ ဟန်းဆက်တွေ ပြောင်းကိုင်ကြကုန်ရော။ ဒါကြောင့် မြန်မာနိုင်ငံ မှာရှိတဲ့ Smart Phone ဈေးကွက်ဟာ တရုတ်ပြီးရင် အာရှမှာ အကြီးဆုံးပဲ ဆိုတဲ့ စီးပွားရေးဆိုင်ရာ စစ်တမ်းတွေ ထွက်လာတာလဲ သိပ်တော့မဆန်းပါဘူး။

ခုဆို အိမ်တစ်အိမ်မှာ ရှိတဲ့မိသားစုဝင် အားလုံးနီးပါး ဖုန်းကိုယ်စီနဲ့ကို ဖြစ်ကုန်တော့တာ။ ဒါကို လဝန်းညိုတို့ မြန်မာနိုင်ငံမှာ လာပြီး ရင်နှီးမြုပ်နှံထားတဲ့ ဖုန်းအော်ပရေတာ တွေကတော့ အကြိုက်ပေါ့။ သူတို့တွေက ဖုန်းပြောခ အင်တာနက်သုံးခ ကိုတောင် အပြိုင်အဆိုင် လျှော့ပေး လိုက်ကြသေးတယ်။ နောက်ပြီး ဘာပက်ကေ့ခ်ျ ညာပက်ကေ့ခ်ျနဲ့ ပက်ကေ့ခ်ျပေါင်း သောင်းခြောက်ထောင် ကိုလဲ အဆက်မပြတ် ထုတ်နေလိုက်ကြတာများ ပြီးကိုမပြီးနိုင်ဘူး။ အဲ့ဒါတွေ အားလုံးအပေါ် လဝန်းညို မြင်တဲ့ အမြင်ကတော့ ဈေးလျှော့ပေးတာနဲ့ ပုံမှန်ထက် ဈေးသက်သာတဲ့ ပက်ကေ့ခ်ျ ဆိုတာကြီးတွေဟာ သုံးစွဲသူကို ချူဆီထည့်နေတာ လို့ပဲမြင်မိပါတယ်။ သုံးစွဲသူက ဟာ….. ဟိုပက်ကေ့ခ်ျနဲ့သုံးတာ ဘယ်လောက် သက်သာတယ်။ ဒီအော်ပရေတာက ဟိုအော်ပရေတာထက် ဘယ်လောက်တောင် သက်သာတာ စတဲ့ စိတ်ကူးတွေနဲ့ စွတ်ဆက်သုံးတော့ သုံးစွဲသူဖက်က ပိုက်ပိုက်တွေ စွတ်ကုန် အော်ပရေတာတွေကတော့ ပိုက်ပိုက်တွေ တပြည်လုံး အတိုင်းအတာနဲ့ ရချင်တိုင်းရ ဖြစ်နေတော့တာပေါ့။

အဲ့ဒီ အချိန်မှာ ကိုယ်ပိုင် အသုံးစရိတ် စီမံခံ့ခွဲမှု ကိုသိပ်အလေးမထား (သို့) သိပ်အကျွမ်းတဝင် မရှိတဲ့ မြန်မာနိုင်ငံသား အခြေခံ လူတန်းစား နှင့် အလယ်အလတ်တန်းတွေ ဒုက္ခ အကျပ်အတည်းထဲ ရောက်ဖို့ အကြောင်းဖန် လာတယ် လို့ပဲ ပုံချရမယ်ထင်တယ်။ အကျွမ်းတဝင် မရှိတာလဲ အပြစ်တော့ မဟုတ်ဘူး ကျောင်းတွေမှာက သချာ`် ဆိုရင် ဖော်မြူလာနဲ့ ပေါင်းနှုတ်မြှောက်စား ပဲသင်ပေး လိုက်တာလေ။ စီမံခံ့ခွဲမှုနဲ့ ပက်သက်တာဆို ဘာမှကို သင်မပေးလိုက်တော့ တချို့ ဆယ်တန်းတောင်မအောင်တဲ့ သူဆို ပိုဆိုးပြီပေါ့။ (ဆယ်တန်းမအောင်ပဲ စီမံခံ့ခွဲခြင်း အတတ်ပညာကို ဘဝသင်ခန်းစာ များကနေ သင်ယူတတ်မြောက် ထားသူများ ကိုမဆိုလိုပါ)။ အဲ့ဒီတော့ ကိုယ်အလုပ် တစ်ခုကို စွဲစွဲမြဲမြဲ လုပ်နေတယ် လုံလောက်တဲ့ ဝင်ငွေစီးကြောင်း တစ်ခုရှိနေတယ် အဲ့ဒီအတွက် မပူမပင် နေလာခဲ့ရာမှ အခုနှစ်တွေ အတောတွင်း ဝင်ငွေနဲ့ ထွက်ငွေမမျှတဲ့ ပြဿနာ ကိုရင်ဆိုင်ရပါတော့တယ်။ အဲ့ဒီအချိန်ရောက်တော့မှ ငါဘာတွေ ပိုပြီးသုံးမိပါလိမ့် ဆိုပြီး စာရင်းချကြည့် လိုက်တော့မှ ဖုန်းအသစ် ဝယ်တာ ဘယ်လောက်၊ မှန်မကွဲ ကပ်တာ ဘယ်၍၊ နားကျပ်လေး နဲ့ ဖုန်းကာဗာ လေးက ဘယ်မျှ၊ ဖုန်းဘေက ဘယ်လိုပမာဏ၊ နောက်ပြီး ပါဝါဘဏ့်(ခ်)၊ အားသွင်းကြိုး ….  Blar…. Blar …. Blar…. စတဲ့ နည်းပညာ ပစ္စည်းအသစ်တွေ အပေါ်မှာ ကိုယ်သုံးလိုက်မိတဲ့ တချို့တချို့သော အပိုအသုံး စရိတ်များသွားခြင်းကြောင့် ဆိုတဲ့အဖြေကို နှမြောတသ ထိုင်ကြည့်ရင်း စိတ်ပျက်လက်ပျက် ဖြစ်နေရတဲ့ ကျွန်တော်တို့ မြန်မာ နိုင်ငံသူ နိုင်ငံသားတွေကလဲ ထုနဲ့ဒေး ရှိနေပါသေးတယ်။ နောက်ပြီး အခွန်တွေ ယခင်ကလောက် မဆောင်ရတော့ အလယ်အလတ်တန်း မိသားစုတွေ ကားလေးတစ်စီး ဝယ်ပြီး ဘယ်သွားသွား ယခင်ဆိုင်ကယ်အိုလေး အစား ကားတဝီဝီ လုပ်နေရာမှ ကားပြင်ဆင်စရိတ်၊ ကားဆီဖိုး၊ ကားအပိုပစ္စည်း သေးသေးသောသောတွေစရိတ်၊ ကိုယ်က ခုမှမောင်းတတ်တာ သိပ်မကြာသေးတော့ သူများကားနဲ့ လမ်းပေါ်မှာ ဟိုပွတ်ဒီချိတ် ဖြစ်လို့ လျော်လိုက်ရတဲ့ အပိုစရိတ်လေးတွေ အားလုံးကို စာအုပ်မှာ ရေးချလိုက်တော့မှ တစ်လတစ်လ ကုန်နေတဲ့ ကားဆီဖိုးက ယခင်အချိန် တစ်မိသားစုလုံးရဲ့ ၁၅ရက်၊ ရက်၂၀ စားစရိတ်နီးနီး ကျနေတာမျိုး။ ပြီးတော့ ကိုယ်က ရပ်ကွက်ထဲ ကားတဝီဝီ လုပ်နေပြီးမှ အရင်လို ဆိုင်ကယ်အိုလေး ပြန်စီးရမှာ ရှက်နေလို့ ကိုယ်နဲ့ သဘောထား မတူ အသုံးစရိတ် ချွေတာချင်တဲ့ အိမ်သူသက်ထားနဲ့ ကျိတ်ပြီးရန်ဖြစ်နေရတဲ့ မိသားစုတွေလဲ များစွာရှိနေပါတယ်။ နောက်ပြီး အဲကွန်း၊ ရေခဲသေတ္တာ၊ Wide Screen ဖလက် တီဗွီ၊ ဖုန်စုပ်စက် အိမ်သုံးကားရေဆေးစက် စတဲ့ အခြား အိမ်သုံးလျှပ်စစ် ပစ္စည်းမျိုးစုံကြောင့် ဆောင်ရမယ့် မီးဘေလ် အားလုံးကို ခြုံကြည့်လိုက်မယ် ဆိုရင် ဝင်ငွေ ပမာဏက လွန်ခဲ့သော ခြောက်နှစ်၊ ခုနှစ်နှစ် လောက်မှာ ကျန်ခဲ့ပေမယ့် အသုံးစရိတ်၊(ထွက်ငွေ) ကတော့ ပေါ်လာသော နည်းပညာ ပစ္စည်းအသစ် များခေတ်မှီစွာ သုံးစွဲခြင်းအားဖြင့် တရိပ်ရိပ် တက်လာတာကို လဝန်းညိုတို့ ရွှေမြန်မာတွေ သတိချပ်သင့်ပါတယ်။

နောက်ထပ် အရေးကြီးပြီး အမြဲမပြတ် စောင့်ကြည့်နေရမယ့် အရာကတော့ Hire Purchase လို့ခေါ်တဲ့ အရစ်ကျ ငွေချေစနစ်ပါ။ လဝန်းညိုတို့ မြန်မာတွေ နောက်ပြောင်ရင်းပြောလေ့ ရှိတဲ့ စကားအတိုင်း မြန်မာတွေ အကြွေးသာရမယ်ဆိုရင် ဆင်တောင်ဝယ်စီးပစ်မယ် ဆိုတဲ့ စကားအတိုင်း ကိုယ်တကယ် မလိုအပ်သေးတဲ့ ပစ္စည်းတစ်ခုကို  သူများအကြွေး စနစ်ဖြင့် ရောင်းတိုင်း မဝယ်မိဖို့ တိုက်တွန်းချင်ပါတယ်။ ကိုယ့်အလုပ်အကိုင် လူနေမှု ဘဝအတွက် အရေးတကြီး အရေးပေါ် လိုအပ်နေတယ် ဆိုလျှင်တော့ ပြဿနာမရှိပေမယ့် မလိုအပ်ပဲ အကြွေးစနစ် နဲ့ရလို့ ဟိုဟာဝယ်ဒီဟာဝယ် ဖြစ်ပြီး အရစ်ကျဝယ်ထားတာတွေ အတွက် တစ်လတစ်လ ကိုယ်ရမယ့် လုပ်အားခရဲ့ တစ်ဝက်လောက် နီးနီး ပေးရမယ်ဆိုရင် တစ်ယောက်ထဲ နေသူများအတွက် လုံးဝ အဆင်မပြေနိုင်ပါဘူး။ မိသားစုနဲ့ နေတဲ့သူဆိုရင်တောင် ကိုယ်ဝယ်ထားတဲ့ ပစ္စည်းတွေအတွက် ငွေသွင်းနေရလို့ မိသားစု စားစရိတ်ထဲ မထောက်ပံ့နိုင်ဘူး ဆိုလျှင် အခြားသူများနဲ့ စကားများရ နိုင်ပါသေးတယ်။ တကယ်တမ်း အရစ်ကျ ငွေချေစနစ်နဲ့ ဝန်ဆောင်မှု ပေးနေတဲ့ ကုမ္ပဏီတွေ အလုပ်လုပ်ပုံက သုံးစွဲသူ ဝယ်ချင်တဲ့ ပစ္စည်းတစ်ခုခုကို သူတို့က ပိုက်ဆံကြိုစိုက်ထုတ်ပြီး ဝယ်ယူပေးထားလိုက်တယ်။ အဲ့ဒီ ကြိုစိုက်ထားတဲ့ ပိုက်ဆံအတွက် အတိုးနှုန်းကိုလဲ ငွေပေးချေမယ့် အချိန်ကာလနဲ့ မြှောက်ပြီး ထည့်ပေါင်းထားတာ ဖြစ်တဲ့အတွက် သုံးစွဲသူက အကြွေးကို အချိန်ကြာကြာ ဆွဲပြီးဆပ်လေလေ သူတို့က ကြိုက်လေလေပေါ့။ သုံးစွဲသူက ၅၀၀၀၀၀ တန်ပစ္စည်းကို ၆လ အရစ်ကျ ပေးချေမယ် ဆိုရင် ၆လစာ အတိုးနှုန်းပဲ ရမယ် ဒါပေမယ့် ၁၂ လပေးချေမယ် ဆိုရင်တော့ သုံးစွဲသူဖက်က လစဉ်သွင်းရတဲ့ ငွေပမာဏတော့ လျော့သွားတယ် ထင်ရပေမယ့် တကယ်တွက်ကြည့်ရင် ၅၀၀၀၀၀ ကို ၁၂လစာ အတိုးထည့်ပေါင်းထားပြီး ဖြစ်တဲ့အတွက် အတိုးက အရင် ၆လထက် နှစ်ဆပိုများသွားမှာပါ။ ဒါ့အပြင် ထပ်ပြီး ပထမ အရစ် ၂၀% သွင်းရမယ်တို့ တချို့ဆို ၃၀% သွင်းရမယ်တို့ ဆိုရင် သုံးစွဲသူဖက်က ပိုပြီး နစ်နာပါတယ်။ ယူထားတဲ့ အတိုးနှုန်းဆိုတာ အပြင်မှာ ငွေတိုးချေးပေးတဲ့သူတွေ ယူတဲ့အတိုးနှုန်းထက် နည်းတယ် လို့ထင်ရပေမယ့် သေချာတွက်ကြည့်ရင် တကယ်များပါတယ်။ အမှန်က ရပ်ကွက်ထဲမှာရှိတဲ့ ငွေတိုးချေးသူထံမှ ပိုက်ဆံချေးယူ လိုက်ရင် လစဉ်ကိုယ် ပြန်ဆပ်ရင် ဆပ်သလောက် အရင်းက လျော့သွားတဲ့အတွက် အတိုးနှုန်းကလဲ လျော့သွားမှာပါပဲ။ ဒါပေမယ့် အရစ်ကျ စနစ်မှာတော့ သူကကိုယ်ပြန်ဆပ်မယ့် ကြာချိန် အားလုံးအတွက် အတိုးထည့်ပေါင်းပြီးသား ဖြစ်လို့ သူသတ်မှတ်ထားတဲ့ အတိုးနှုန်းက နည်းပေမယ့် ရပ်ကွက်ထဲက ငွေတိုးချေးသူတွေထက် အတိုးငွေပမာဏ ပိုများသွားရခြင်းဖြစ်ပါတယ်။ အပေါ်မှာ ပြောပြခဲ့တဲ့ အချက်အလက်တွေကြောင့် လဝန်းညိုတို့ မြန်မာနိုင်ငံသားတွေ အရစ်ကျပေးချေ စနစ်ဖြင့် ပစ္စည်းဝယ်ယူခြင်းကိုလဲ သတိထား ရှောင်ကျဉ်သင့်ပါတယ်။

ယခုလဝန်းညို ပြောပြနေတဲ့ အရာအားလုံးဟာ မြန်မာနိုင်ငံတော်ကြီး ခေတ်နှင့်အညီ တိုးတက် ပြောင်းလဲ လာခြင်းရဲ့ နောက်ကွယ်က လူတော်တော်များများ သတိမထားမိတဲ့ ငွေယိုပေါက်တွေ ဖြစ်ပါတယ်။ ထို့အတူ အသစ်အသစ်တွေ အမြဲပေါ်နေတဲ့ ခေတ်မှီ စက်ကရိယာ အသုံးအဆောင်များကိုလဲ ကိုယ်အမှန် တကယ်လို၏ မလို၏ မှန်ကန်စွာ တွေးခေါ်ပြီး ဆုံးဖြတ်နိုင်ကြပါစေ။ တိုင်းပြည်ကြီးတိုးတက်သလို လူတိုင်း လူတိုင်းရဲ့ ဝင်ငွေတွေလဲ တိုးတက်လာပါစေလို့ လဝန်းညိုက ဆုတောင်းပေးလိုက်ပါတယ်နော်။

စေတနာ များစွာဖြင့်
အသုပ်စုံ (လဝန်းညို)


Monday, May 14, 2018

အပူဒဏ် ဘယ်လိုကာကွယ်မလဲ


အပူဒဏ်ကို ဘယ်လို ကာကွယ်မလဲ

အသုပ်စုံရဲ့ စာဖတ်ပရိတ်သတ်ကြီး အတွက် ခုလိုရာသီဥတု အရမ်းပူပြင်းတဲ့ အချိန်မှာ အပူဒဏ်ကို ဘယ်လို ကာကွယ်ရမလဲ ဆိုတဲ့ အကြောင်းလေးတွေကို ဗဟုသုတ ရစေရန်အတွက် ဖော်ပြလိုက်ရ ပါတယ်နော်။

အပူဒဏ်ကာကွယ်နိုင်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များ


၁. ကလေး သူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ အခံရှိသူများ အနေဖြင့် နေ့လည် နေ့ခင်းအချိန်တွင် အရိပ်ရ အေးမြ၍ လေဝင်လေထွက် ကောင်းသော နေရာများတွင် နားပါ။

၂. ပူပြင်းသည့်နေရောင်အောက်တွင် ပင်ပန်းစွာ အလုပ်လုပ်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းတို့ကိုရှောင်ကြဉ်ပါ။

၃. ပူပြင်းသည့်နေရောင်အောက်တွင် သွားလာလှုပ်ရှားရန်၊ အလုပ်လုပ်ရန် လိုအပ်ပါကလည်း အရိပ် လုံလောက်စွာ ရနိုင်သည့် ထီး၊ ဦးထုပ်များ ဆောင်းသွားပါ။ အရိပ်ရ အေးမြသည့် နေရာများတွင် ခေတ္တ အနားယူခြင်း ကိုလည်း မကြာခဏ ပြုလုပ်ပါ။

၎. အလင်းပြန်သော အဖြူရောင် (သို့မဟုတ်) အရောင် ဖျော့သော ပွပွချောင်ချောင် ချည်ထည်များကို ဝတ်ဆင်ပါ။

၅. နေပူထဲမှ ပြန်လာပြီး ချက်ချင်းရေချိုးခြင်းနှင့် မနက် (၁၀) နာရီမှ ညနေ (၅) နာရီအထိ လွင်တီးခေါင်ပြင်၊ မြစ်ကမ်းနား၊ ရေချိုးဆိပ်များတွင် အဝတ်လျှော်ဖွပ်ခြင်း၊ ရေချိုးခြင်းစသည်တို့ကို ရှောင်ကြဉ်ပါ။

၆. အရက်သေစာ သောက်သုံးခြင်းကြောင့် အပူဒဏ် အန္တရာယ်ကို ပိုမိုခံစားရစေပြီး ဖြစ်ပွားပါက ပိုမို ပြင်းထန်စွာ ခံစားရနိုင်သဖြင့် ရှောင်ကြဉ်ပါ။

၇. ခန္ဓာကိုယ် အတွင်း ရေနှင့် ဓာတ်ဆားများ ဆုံးရှုံးမှု မဖြစ်ပေါ်စေရန် ရေနှင့်ဓာတ်ဆားရည်ကို လုံလောက်အောင် သောက်သုံးပါ။

၈. မိတ်နှင့် ယားဖုများထွက်ပါက ရေအေးဝတ်ကပ်ခြင်း၊ သနပ်ခါးလိမ်းခြင်း တို့ကို ပြုလုပ်ပါ။

အပူဒဏ် အန္တရာယ် ခံစားရသော လူနာအား တွေ့ရှိပါက အောက်ပါအတိုင်း အရေးပေါ် ပြုစုပါ။


၁. လူနာအား အရိပ်ရ အေးမြသော နေရာ (သို့) လေပန်ကာ ရှိသောနေရာ (သို့) လေအေးပေးစက် ရှိသော အခန်းသို့ ရွှေ့ပြောင်းပါ။

၂. လူနာအား နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံးပို့ဆောင်ပါ။ အရိပ်ရသည့် နေရာသို့ ပို့ဆောင်ပါ (သို့) အရိပ်ရအောင် ဆောင်ရွက်ပေးပါ။ ဆေးရုံ၊ ဆေးခန်းသို့ ပိုဆောင်နေစဉ် (သို့) ဆရာဝန်၊ ကျန်းမာရေးဝန်ထမ်းနှင့် ပြသရန် စောင့်ဆိုင်းနေစဉ် အောက်ပါ အချက်များအား ဆောင်ရွက်ပါ။

၃. လူနာ၏ ခြေရင်းဘက်အား မြှင့်ထားပေး၍ ပက်လက်အနေအထားဖြင့် ထားပါ။

၎. လူနာ၏ အဝတ်အစားများအား ချွတ်ပေးပါ။

၅. လူနာကောင်းစွာ သတိရနေပါက ရေအေးအေး တိုက်ပေးပါ။

၆. လူနာ၏ ကိုယ်ပေါ်သို့ ရေအေးအေး ဖြန်းပေးပါ။

၇. လူနာ၏ လည်ပင်း၊ ဂျိုင်းနှစ်ဖက်၊ ပေါင်ခြံနှစ်ဖက် တို့အား ရေအေးအေး (သို့) ရေခဲရေ စိမ်ထားသော အဝတ်များဖြင့် ရေပတ်အုပ်ပေးပါ။

၈. လေပန်ကာ ရှိပါက လူနာအား ပန်ကာလေမှုတ်ပေးပါ (သို့) ယပ်ခပ်ပေးပါ။

စေတနာ များစွာဖြင့်
အသုပ်စုံ (လဝန်းညို)
Ref: ကျန်းမာရေး ဆိုင်ရာ စံပြု အချက်အလက်များ မှ ကူးယူဖော်ပြသည်။

Sunday, May 13, 2018

ကျေးဇူးပါ မေမေ


ကျွန်တော်တို့ ကမ္ဘာလောက ကြီးထဲက ရှိရှိသမျှသော လူသား အားလုံးတို့တွင် မိခင် ဟူသော ကျေးဇူးရှင် သူရဲကောင်း တစ်ဦးစီ ပိုင်ဆိုင်ကြရပါသည်။ ထို့အတူ အမေ ဆိုသော စကားလုံး ဟာလည်း ဘယ်စကားလုံး နှင့်မျှ မတူအောင် အဓိပ္ပါယ် များစွာသက်ရောက်ပြီး ခေါ်ဆိုရ အကောင်းဆုံး နာမတစ်ခု လဲဖြစ်ပါသည်။ အဘယ်ကြောင့် ဆိုသော်အခြား သူငယ်ချင်း၊ ချစ်သူ၊ အသိမိတ်ဆွေ စတဲ့ အမည်နာမ များထက် ပိုပြီး ကျွန်ုပ်တို့ဘဝ စိတ်ကူး အတွေးအခေါ် အားလုံးကို လွှမ်းမိုးထားနိုင်ပြီး ထိုအမေဟု ခေါ်သော အမျိုးသမီး ထံမှ တခြား မည်သူ့ထံကမှ မရနိုင်သော အနွေးထွေးဆုံး မေတ္တာ၊ ဘယ်တော့မှ မပြောင်းလဲသွားတဲ့ ချစ်ခြင်း၊ အမြဲရှင်သန် နေတဲ့ ဂရုဏာ တို့ဖြင့် ကျွန်ုပ်တို့ကို ငယ်စဉ်ကလေးဘဝကစ လူကြီးဖြစ်သွား သည့်တိုင် ပြုစုပျိုးထောင် ပေးခဲ့ခြင်းကြောင့် ပဲဖြစ်ပါတယ်။

ကျွန်တော်တို့ ငယ်ရွယ်စဉ် အခါ ကသူ့ကိုပေးခဲ့တဲ့ ဆိုး၊ ပေ၊ တေ၊ ဂျီချ၊ ဂျစ်တိုက် စတဲ့ အမျိုးမျိုးသော ဒုက္ခများ ကိုလဲ ဖြစ်နေစဉ်ခဏတာသာ ဂရုဏာ ဒေါသောဖြင့် စိတ်ဆိုး ဒေါသထွက်ကောင်းထွက်ပေမယ့် အချိန်တန် တော့လဲ အမြဲခွင့်လွှတ်မြဲ၊ သည်းခံမြဲ၊ စေတနာ ဂရုဏာ ထားမြဲထားနိုင်တဲ့ အချင်းအရာကို ကြည့်ခြင်းအားဖြင့် သူ့ရင်ထဲမှာ ရှိတဲ့ ကျွန်ုပ်တို့ အတွက် မေတ္တာထုထည် ဘယ်လောက်များ ကြီးမားသလဲ ဆိုတဲ့ အတိုင်းအတာကို ခန့်မှန်းကြည့်ဖို့ ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ ဒါကြောင့်လဲ ရှေးစာဆိုများက အနှိင်းဆမဲ့ မေတ္တာလို့ ကဗျာတစ်တန် စာတစ်တန်နဲ့ ရေးဖွဲ့ ဖော်ကြူး ရလောက်တဲ့ အထိကို ဖြစ်ရတာလဲ ဆန်းတော့ မဆန်း ပါဘူးလေ။

တစ်ခါတစ်လေ ကျွန်တော်တို့ အမေတွေ သားသမီး တွေကို ချစ်တာ မေတ္တာထားတာဟာ တစ်ဖက်သတ် ဆန်လွန်းနေတယ် လို့လဝန်းညို ထင်မိတယ်။ ကျွန်တော်တို့ အားလုံး အမေ့ မေတ္တာရိပ်ဟာ  ဘုရားရိပ် တရားရိပ် ပြီးရင် အအေးချမ်းဆုံးပဲ ဆိုတာကိုလဲ သိလျက်နှင့် အမေကို ကျေးဇူးစကား အများကြီး မပြောဖြစ်ကြဘူး။ အမေတွေကတော့ ကျေးဇူးတင်ခံချင်လို့ ကိုယ်တွေကို မေတ္တာထားတာမျိုး မဟုတ်ပေမယ့် အဲဒီစကားလေး တစ်ခွန်းကြား လိုက်ရရင် ပီတိဖြစ်ပြီး ကျွန်တော်တို့ ကြောင့်မောနေတဲ့ သူ့အမောတွေတော့ ပြေလျော့သွား နိုင်ပါတယ်။

ကျေးဇူးပါမေမေ
မေမေရေ ငယ်စဉ်ကလေးဘဝကတည်းက သားဝတ်ထားတဲ့ ညစ်ပေနေတဲ့ အဝတ်တွေကို လျှော်ဖွပ်ပေးခဲ့တဲ့ အတွက် ကျေးဇူးပါ မေမေ။
မေမေရေ သားတို့ ငယ်စဉ်အချိန်က သိချင်တတ်ချင် စပ်စုချင်လို့ မေးတဲ့ မေးခွန်းတိုင်းကိုလဲ ဘယ်လောက် အလုပ်များနေများနေ စိတ်ရှည်လက်ရှည် ပြန်ဖြေပေး ရှင်းပြပေးခဲ့တဲ့ အတွက် ကျေးဇူးပါ မေမေ။
နောက်ပြီး မနက်စောစော ထပြီး အလုပ်မသွားခင်သားတို့စားဖို့သောက်ဖို့ နဲ့ သားတို့ရဲ့ တစ်နေ့တာ အဆင်ပြေစေဖို့ အမြဲ စိတ်ပူပြီး စီစဉ် ပေးတတ်တဲ့အတွက် နေ့စဉ် အဆင်ပြေပြေ ချောချောချူချူနဲ့ ဖြတ်သန်းနိုင်ခဲ့တာ မေမေ့ကျေးဇူး ကြောင့်ပါ။
မေမေရေ သားကို လူ့လောကထဲမှာ ကျင်လည်တဲ့အချိန် လူတွေနဲ့ ပေါင်းသင်းဆက်ဆံ တတ်ဖို့နဲ့ အကောင်းမြင်စိတ် ထားတတ်အောင် အမြဲ ဆိုဆုံးမနေတဲ့ အတွက် ကျေးဇူးပါ မေမေ။
မေမေရေ သားသမီးတွေအတွက် ကိုယ်လုပ်ချင် ဖြစ်ချင်တဲ့ ဆန္ဒတွေကို ချုပ်ထိန်းရင်း သားသမီးတွေရဲ့ အနာဂါတ်အတွက် ငွေကို ကုန်းရုန်းရှာ ချွေတာစု ခဲ့တဲ့ အတွက် သားတို့ ဘဝတွေ အေးအေး သက်သာနဲ့ အဆင်ပြေပြေ နေနိုင်တာတွေ အတွက် ကျေးဇူးပါ မေမေ။
မေမေရေ သားကျောင်းစာသင်ချိန် တွေမှာလည်း သားရဲ့ ပညာရေးကို စိတ်ဝင်တစား အားပေးကူညီ ခဲ့တဲ့ အတွက် အထက်တန်းကျောင်း ပြီးဆုံးအောင် နေနိုင်ခဲ့တဲ့ အတွက် ကျေးဇူးပါ မေမေ။
မေမေရေ ဘယ်လောက်ပဲ အလုပ်ကိစ္စ တွေများနေပါစေ သားသမီးတွေ အတွက် အမြဲ အချိန်ပေး ဂရုစိုက်ပေးနေတဲ့ အတွက် ကျေးဇူးပါ မေမေ။
မေမေရေ သားကို ဘယ်လောက်ပဲ စိတ်ဆိုးနေနေ တကယ်တန်း အရေးကြောင်းပေါ်လာတဲ့ အချိန်တွေတိုင်းမှာ သားဖက်က အမြဲမားမားမတ်မတ် ရပ်တည်ပေးခဲ့တဲ့ အတွက် ကျေးဇူးပါ မေမေ။
အမေများနေ့မှ အကြီးမားဆုံးသော မေတ္တာတရားများ ပိုင်ဆိုင်သော
အမေများဆီသို့

စိတ်ကြည်နူးခြင်း များစွာဖြင့်
အသုပ်စုံ (လဝန်းညို)

အမေများနေ့ကို ဂုဏ်ပြုသောအားဖြင့်



ကြည်မြပီသ
အမေ့သံချို အေးအေးအိုအို…….
မြှူကာဆိုလို့ရယ်
ပျိုမြစ်နုနယ် ငယ်စဉ်ရွယ်မို့
အမေ့အဆင်း
ကြည်ဖြူဝင်းကာ ပြုံးဝေဆာလို့
ချော့ကာသိပ်ပေး နို့ချိုကျွေးသည်
ကလေးဘ၀ အေးချမ်းမြသည်
မိဘရိပ်တွင် အမေ့ရင်ခွင်……….

တီတီတာတာ သံဆာဆာနှင့်
မပီစကား ဆိုပါငြားက
ကရားရေလွှတ် တတွတ်တွတ်သို့
နောက်ရွှတ်စလို မေတ္တာပိုသည်
ပီတိပြည့်ဝင်း ငွေလမင်းသို့…………

ကကြီးခခွေး သင်ကာပေး၍
အရေးအဖတ် ကလေးတတ်အောင်
မမှတ်မချင်း စိတ်ရင်းရှည်စွာ
မြှူကာတစ်လှည့် ခြောက်ကာတစ်ဖုံ
သင်ကြားပုံတို့ မြင်ယောင်လို့ရယ်
စိတ်ဝယ်တမ်းတမိတယ်အမေ

ကျောပိုးအိတ်လွယ် ချိုင့်တို့ရယ်နှင့်
ကျောင်းဝယ်စာသင် ပို့ပေးစဉ်က
မိုးသွင်သွင်ရွာ ဆောင်းအေးပါလည်း
ဝတ်မှာမပြတ် ပညာတတ်စေ
မခက်ဝမ်းစာ ရှိစေငှာမူ
မေတ္တာရှေ့ထား တတ်အားသရွေ့
ကျောင်းနေစေ့သည်………

လုပ်ငန်းခွင်သွား သမီးသားတို့
ဝတ်စားမပူ အေးအေးလူအောင်
ထမင်းဖြူဟင်း တည်ခင်းကျွေးကာ
ချိုင့်ပါထည့်ပေး 
ကျန်းမာရေးကို စိတ်အေးဖို့ရန်
သူစွမ်းသန်သလောက်
ကြင်နာထောက်ထား သနားငှဲ့ညှာ
ချစ်ခင်ရှာပေ မွေးမေမေ

သားအချစ် မြေးအနှစ်ရယ်လို့ 
သူဆိုတယ်လေး ဖွားရဲ့လူလေး
ဇရာအိုဟောင်း အရေးကြောင်းတို့
ထင်းကောင်းပေမယ့် မပြောင်းလဲပေ
အနန္တမေတ္တာ ကောင်းကင်ပမာ ဖြန့်ကျက်ကာခြုံ
ပင်လယ်ရေကုန်ခမ်းလည် မေ့မေတ္တာ လန်းဆန်းမြဲမို့
ရှိခိုးဦးချ ကန်တော့ပါရစေ
မွေးမေမေ

Saturday, May 12, 2018

ကလေး နှင့် ရိုက်နှက်ဆုံးမခြင်း......


ဒီ Post ကိုမရေးခင် အသုပ်စုံရဲ့ စာဖတ်ပရိတ်သတ် ကြီးကို လဝန်းညို ကြိုပြီး တောင်းပန်ထား ပါရစေ။ အကြောင်းကတော့ အောက်မှာ လဝန်းညို ဆက်ရေးမယ့် အကြော်းအရာ များအပေါ် လဝန်းညိုနှင့် တွေးခေါ်ပုံ ခြင်း အမြင်ခြင်း မတူနိုင်တယ့်သူများ များစွာ ရှိနေမယ်ဆိုတာကိုလည်း လဝန်းညို ကြိုမြင်ထားလို့ပါ။ ပြီးနောက် အောက်မှာ ဆက်ရေးမယ့် အရာများ စိတ်ကူး အိုင်ဒီယာများသည် ကျွန်တော် လဝန်းညို တစ်ဦးတစ်ယောက် ထဲ၏ စိတ်ကူး အိုင်ဒီယာ ခံစားချက်များသာ မကပဲ တစ်ခြား လဝန်းညို၏ အသိမိတ်ဆွေ သူငယ်ချင်းများစွာရဲ့ ရင်ဖွင့်ချက်များလည်း ပါဝင်တယ့် အတွက် အကြောင်းအရာ တော်တော်များများ ဟာ မြန်မာနိုင်ငံသူ နိုင်ငံသားများအတွက် ခါးသက်သော အမှန်တရားများ ဖြစ်ခဲ့တယ် ဆိုတာကိုတော့ စာဖတ်ပရိတ်သတ်ကြီး ယခု Post ကိုဆက်လက် ဖတ်ရှုရင်း သိမြင်ခံစားရပါလိမ့်မယ် လို့လည်း ကြိုတင် အသိပေးထားပါရစေ။ 
ယခု လဝန်းညို ရေးမယ့် အကြောင်းအရာ ကတော့ ကျွန်တော်တို့ ရွှေနိုင်ငံကြီး အတွက် အလွန် အရေးပါတယ့် အနာဂါတ်ရဲ့ ကြယ်ပွင့် အလောင်းလျှာ လေးများကို ပဲပြင်ဆုံးမ အတတ်လည်းသင် ဆိုတယ့် ဝတ်တရားများနဲ့ ပညာများကို သင်ကြားပေးနေကြသော နိုင်ငံတဝှမ်းရှိ အ.မ.က၊ အ.လ.က၊ အ.ထ.က ကျောင်းတော်ကြီးများမှာ တိုင်းပြည်တာဝန်ထမ်းဆောင်နေကြသော ဆရာ၊ ဆရာမ များအကြောင်းပဲ ဖြစ်ပါတယ်။ ခေါင်းစဉ်မှာ လဝန်းညို ပြောခဲ့သလို ဆရာဆရာမ တွေဆိုတာ လဝန်းညိုတို့ ဗုဒ္ဓဘာသာ အယူအဆ အရလဲ ဘုရားနှင့် တစ်ဂိုဏ်းထဲ ထားရတဲ့ ကျေးဇူးရှင်များ ဖြစ်ကြပါတယ်။ တကယ်လည်း ကြည်ညို လေးစား ချစ်ခင်စရာအတိပြီးတဲ့ ဆရာ၊ ဆရာမ များစွာကိုလည်း လဝန်းညိုတစ်သက်မှာ ဆရာသခင် တော်စပ် ခဲ့ရဘူးပါတယ်။ သို့သော်လည်း လောကကြီးရဲ့ ထုံးစံအတိုင်း နေရာတကာ အဆိုးနှင့် အကောင်း အမြဲ ဒွန်တွဲ နေတယ်ဆိုတာကိုတော့ အသုပ်စုံရဲ့ စာဖတ်ပရိတ်သတ်ကြီး မငြင်းနိုင်ကောင်းပါဘူးနော်။ ခေါင်းစဉ်မှာ ပြောခဲ့တယ့် လူကြမ်းကြီးများ ဆိုတာကလည်း လဝန်းညိုတို့ ချစ်ခင် ရိုသေ မြတ်နိုးရတယ့် တကယ်လည်း ဆရာ ဆိုတယ့်ဝိသေသနဲ့အညီ အမြဲကျင့်ကြံနေထိုင်တတ်တယ့် ဆရာသခင် ကျေးဇူးရှင်များကို မရည်ရွယ်ပဲ ၄င်းနှင့် ဆန့်ကျင်ဖက်  တုတ်တကားကားနှင့် တပည့်တွေကို ကျိုးကြောင်း ဆင်ခြင်ခြင်း စုံစမ်းမေးမြန်းခြင်း မရှိပဲ ပွဲပြီးမီးသေ ပုံစံမျိုးနဲ့  ရိုက်နှက်ရခြင်းအပေါ်မှာ အလွန်တရာ ဝါသနာပါ သူများကိုသာ ဆိုလိုခြင်း ဖြစ်ပါတယ်။ 
အမှန်တကယ်မှာ လဝန်းညို အပြင် ဒီ Post ရေးရန် အတွက် လဝန်းညို မေးမြန်းစုံစမ်း ကြည့်ခဲ့တဲ့ ငယ်သူငယ်ချင်း တော်တော်များများဟာ ရိုက်နှက်ဆုံးမခြင်း ဟူသော အခြင်းရာကို မတူညီသော ခံစားချက် မတူညီသော ရှုထောင့်များကနေ ကန့်ကွက်မဲ ကိုသာ ရာနှုန်းပြည့် ပေးခဲ့ကြပါတယ်။ ထို လဝန်းညို၏ သူငယ်ချင်း အသိမိတ်ဆွေ များရဲ့ တပည့်တွေကို ဆရာများ ရိုက်နှက်ဆုံးမခြင်း အပေါ် ထားရှိတယ့် ၄င်းတို့ရဲ့ မတူညီတဲ့ ခံစားချက်များကိုလည်း ယခု Post မှာ ထည့်သွင်းဖော်ပြ သွားမှာပဲ ဖြစ်ပါတယ်။ 
ဥပမာ တစ်ခုကို ပြောပြ ရမယ် ဆိုရင်တော့ အလွန့်အလွန် ထိန်းမနိုင် သိမ်းမရ စကားများပြီး ဆူညံနေသော အတန်းတစ်တန်းကို ဆရာက အပြစ်ပေးတဲ့ အနေနဲ့ တစ်ခန်းလုံး အယောက်စေ့ တစ်ယောက်တစ်ချက် စီလောက် ရိုက်လိုက်မယ် ဆိုကြပါစို့။ အဲဒီဆရာ ရိုက်လိုက်တဲ့ အထဲမှာ သူများတွေ စကားပြောနေချိန်မှာ တစ်ယောက်ထဲ ကြိတ်ပြီး စာကျက်နေသူ တွေလဲ ပါကောင်းပါနိုင်ပါတယ်။ ဆရာပေးထားတဲ့ အိမ်စာတွေ ကြိုပြီး လုပ်နေသူတွေလည်း ပါကောင်းပါမယ်။ သို့သော် သူတို့ကိုယ်တိုင် စကားမများ လိုက်ရပဲ တစ်တန်းလုံး သိမ်းကြုံးရိုက်ခံရတဲ့ အထဲ ပါသွားခဲ့တဲ့ အတွက် အဖြူထည် လေးပဲ ရှိတဲ့ အဲဒီကလေးရဲ့ စိတ်ထဲမှာ ဘာတွေ ဆက်တွေးပြီး ဘယ်လို ယူဆသွားနိုင်မလဲ ဆိုတာ ပရိတ်သတ်ကြီး ဆက်တွေးကြည့်ပါ။ နောက်နောင် အဲ့ဒီကလေးက သူ့အတန်းဖော်တွေ ဆူညံသောင်းကျန်း နေတဲ့ အချိန်မှာ သူလဲ မိုးခါးရေ သောက်ဖို့ကို အဲ့ဒီ မဆိုင်ပဲ အရိုက်ခံလိုက်ရတဲ့ အချိန်ကလေးထဲက အသင့်ဖြစ် သွားခဲ့ပါပြီ။ ဖြစ်သင့်ပါရဲ့လား။………………..
နောက်ပြီး ကလေးတွေကြားမှာ အမြဲတမ်းရှိနေတတ်တဲ့ နာမည်ကြီး ခေါင်းစဉ်တစ်ခုကတော့ ကြီးနိုင်ငယ်ငြှင်း နိုင်ထက်ကလူ ပြုခြင်းပဲဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ကိုတော့ လဝန်းညို ကိုယ်တိုင် မြင်တွေ့ ခဲ့ရတာဖြစ်ပါတယ်။ အတန်းတစ်တန်းမှာ လူကောင်ကြီးတဲ့ ကလေးတွေက နဲနဲ ညှက်ပြီး အားငယ်တတ်တဲ့ ကလေး တွေကို အနိုင်ကျင့်ခြင်းပဲဖြစပါတယ်။ အနိုင်ကျင့် ခံရတဲ့ ကလေးက ဆရာမဆီ အားကိုးတကြီးနဲ့ သွားတိုင်ရာမှာ တိုင်တဲ့သူပါ ရောပြီး ဆော်ခံလိုက်ရပါတယ်။ သူ့မှာ အနိုင်ကျင့်လဲ ခံရ ဆရာမ ရိုက်တာလဲ ခံရနဲ့ မိအေးနှစ်ခါနာ ဖြစ်သွားတော့ နောက်နောင် ကြုံလာတယ့် ပြဿနာများကို လူကြီးတွေကို အသိမပေးတော့ပဲ သူ့ကလေးအတွေး ကိုယ်ပိုင် ဥာဏ်ကလေးနဲ့ပဲ စိတ်ကူးတည့်သလို လျှောက်လုပ်တော့ မဖြစ်သင့်တာတွေ ဖြစ်ကုန်တာပေါ့။ အဖြစ်အပျက်ကို ဆက်ပြောရမယ် ဆိုရင်တော့ အရိုက်ခံရပြီးတော့ နောက်သူများ အနိုင်ကျင့်ခံရလဲ ဘယ်သူ့ကိုမှ မတိုင်ရဲ တော့ဘူး သူက သွားမတိုင်တော့ အနိုင်ကျင့်တတ်တဲ့ ကလေးတွေကတော့ အကြိုက်ပေါ့။ ဒါပေမယ့် နောက်တစ်နှစ် စာသင်နှစ်မှာပဲ အမြဲအနိုင်ကျင့်ခံရတယ့်ကလေးက ခံရပါများတော့ သူ့မှာ သွားလဲ မတိုင်ရဲပဲ သည်းမခံနိုင်တယ့် အဆုံး သူကြောက်နေရတယ့်သူကိုပဲ ခဲတံချွန်တယ့် ဓားနဲ့ ထိုးလိုက်တာ သွေးကို ငေါက်တောက်ထွက်ကုန်တာ မြင်လို့တောင် မကောင်းဘူး အဲ့လိုအချိန်ရောက်မှ ကလေးကို ဘာကြောင့် လုပ်ရတာလဲ ဆိုတဲ့ မေးခွန်းနဲ့ သူ့အမေက ကျောင်းမှာ လာရိုက်တာ မြင်လို့တောင် မကောင်းဘူးဗျာ။ အဲ့ဒီအချိန်က လဝန်းညိုတို့လဲ အဲကလေးလေး အရွယ်ပဲ ရှိသေးတော့ အသေးစိတ်ကို ခြုံပြီးတော့ ခုလို မစဉ်းစားတတ် သေးဘူးလေ။ စိတ်ထဲကနေတော့ ကိုယ်အတန်းဖော်ကို သနားမိတာ အမှန်ပဲ သူအမြဲ အနိုင်ကျင့် ခံနေရတာကို ကိုယ်တွေအသိပဲလေ။ ဖြစ်သင့်ပါရဲ့လား………………..
အပေါ်က လဝန်းညို ပြောပြခဲ့တဲ့ အကြောင်းတွေကတော့ တကယ် အပြစ်မရှိပဲ အရိုက်ခံ ရတဲ့ ကလေး တွေရဲ့ ဥပမာတွေပါ။ အိုကေ ဒါဆိုရင် အပြစ်ရှိတဲ့ ကျောင်းသားတွေကိုရော ရိုက်ပြီးဆုံးမသင့်လား?။ အပြစ် ရှိတယ်မရှိဘူးဆိုတာကို ဘယ်လို စံပေတံနဲ့ တိုင်းတာမှာလဲ။ ဥပမာ တစ်ခုလောက် ထပ်ပေးကြည့် ရအောင်။ ဆရာက အိမ်စာတစ်ခု လုပ်ခိုင်းခဲ့တယ်။ ဒါကို ကလေးတစ်ယောက်က မလုပ်လာဘူး။ ရိုက်ပြီး အပြစ်ပေးလိုက်တယ်။ နောက်တစ်နေ့ မှာတော့ အဲဒီကလေးက အိမ်စာလုပ်လာတယ်။ စာကို စိတ်ဝင်စားလို့ တော့မဟုတ်ဘူး အရိုက်ခံရမှာ သူ့အသားနာမှာ ကြောက်တဲ့အတွက် ကြောင့်သာ ပြီးစလွယ် လုပ်လာ လိုက်တယ်။ အိမ်စာတွေ လိုက်စစ် ချိန်ရောက်တော့ ဆရာကတော့ ကျေနပ်သွားတယ်။ သူရိုက်လိုက်တာ မှန်သွားပြီ ဆိုပြီး သူ့ကိုယ်သူ ခံယူလိုက်တယ်။ ဒါပေမယ့် အရိုက်ခံရမှာ ကြောက်လို့ အိမ်စာလုပ်တဲ့ ကလေးတစ်ယောက် စာကော တကယ်ရမှာလား။ တကယ်လို့ သူ့ကို တုတ်ပြပြီးလုပ် မယ့်သူမရှိတဲ့ အချိန် ရောက်လာရင်ကော သူ့ဘာသာသူ အလိုက်တသိ လုပ်မယ်ထင်လား။ တကယ်လို့ သူ့ကိုရိုက်မယ့်အစား အိမ်စာကို ဘာကြောင့်လုပ်သင့်တယ် ဘယ်လို အကျိုးရှိတယ် ဆရာက ပေးလိုက်တဲ့ တာဝန်ကို ကိုယ်တိုင် တာဝန်သိစိတ်နဲ့လုပ်တတ်သွားရင် ဘဝမှာ ဘယ်လိုအကျိုးများမယ် ဆိုတာမျိုး စိတိရှည်လက်ရှည် ရှင်းပြပြီး ချော့ခိုင်းရင်ကော၊ ဒါမှမဟုတ် မြှောက်ခိုင်းရင်ကော မရနိုင်ဘူးလား။ လူကြီးတွေ မှမဟုတ်ပါဘူး ကလေးတွေလည်း အမြှောက် အပင့်ကိုတော့ ကြိုက်တတ်ကြတာပဲလေ။ ဟုတ်ဘူးလား။ လူကြီးတွေ ပြောပြော နေတတ်တဲ့ အနောက်က ကြိမ်တို့ပြီး ခိုင်းနေရတာ နွားဆိုသလို ဆရာက ကလေးကို နွားစိတ်သွင်း ပေးနေတာနဲ့ မတူဘူးလား။ သခင်မျိုးဟေ့ ဒို့ဗမာ လို့သာ ဟစ်ကျွေးနေကြပြီး သခင်စိတ်ထားမှာ အလွန်အရေးပါတဲ့ တာဝန်သိစိတ် နဲ့တာဝန်ယူမှု ဆိုတဲ့ အခြေခံစိတ်ကလေး ကိုတောင် နည်းမှန်လမ်းမှန် မသင်ပေးပဲ တုတ်နဲ့ပဲ လွယ်လွယ် ဖြေရှင်းခဲ့ကြတော့ ကလေးတွေ ကျွန်စိတ် ဆန်ဆန် တာဝန်ယူ သိတတ်မှု မရှိကြတော့တာ ဖြစ်သင့်ရဲ့လား?.................
အဲ့အတန်းထဲမှာပဲ ကလေးတစ်ယောက် ကတော့ ပထမနေ့ အိမ်စာမလုပ်လာလို့ ရိုက်ခံရတယ်။ ဆရာက နောက်ထပ် အိမ်စာ အသစ်တစ်ခု ထပ်ပေးလိုက်တယ်။ ဒါပေမယ့် ထပ်ပြီး မလုပ်လာပြန်ဘူး။ ထပ်ရိုက်တယ် အိမ်စာထပ်ပေးတယ် မလုပ်လာတော့ ထပ်ရိုက်တယ်၊ ဒီလိုနဲ့ ပဲ ဆရာနဲ့ တပည့် တစ်နှစ်လုံး မုန့်လုံးစက္ကူ ကပ်ဖြစ်နေကြတယ်။ နှစ်သာကုန်သွားတယ် အဲဒီကလေး အိမ်စာတစ်ခါမှ မလုပ်ဖြစ်ဘူး။ စာမလုပ်တဲ့ အပြင် ဆရာတွေ အပေါ်မှာ ထားတဲ့ အဲ့ဒီကလေး ရဲ့စိတ်နေ သဘောထားကလဲ ပိုပြီး ဆိုးရွား သွားတော့ ဆိုးတဲ့ ကျောင်းသား ဆိုတဲ့ နာမည်ဆိုးကို ပိုပြီးခိုင်မာ သွားစေပါတယ်။ ဒီအဖြစ်အပျက်မှာ ဘာက မှားနေတယ်လို့ အသုပ်စုံရဲ့ ပရိတ်သတ်ကြီးထင်လဲ။ ဒီအဖြစ်အပျက် ကိုအခြေခံပြီး တွေးကြည့်ရင် ရိုက်ပြီး အပြစ်ပေးတာက ပြဿနာတစ်ခုအတွက် ကလေးတစ်ယောက် လိမ္မာ လာစေဖို့ မှန်ကန်တဲ့ နည်းလမ်း ဟုတ်ပါရဲ့လား။ 
လဝန်းညို တို့ရဲ့ မြန်မာနိုင်ငံတွင်း ယဉ်ကျေးမှု နှင့် ထုံးတမ်းစဉ်လာ များအရ ဆရာသခင် များက ကိုယ့်တပည့် တွေကို လိမ္မာသိတတ်စေရန် အလို့ငှာ ရိုက်နှက် ဆုံးမခြင်း ဟူသောအမှုကို ရှေးယခင် ပဝေသဏီ အချိန်ကတည်းက တွင်တွင်ကျယ်ကျယ် ကျင့်သုံးလာခဲ့တဲ့ အတွက် မြန်မာနိုင်ငံသား အားလုံးအတွက် ကိုယ့်တူ ကိုယ့်သား ကိုယ့်သမီး တို့ကို ကျောင်းတွင် ဆရာ၊ ဆရာမ တစ်ဦး တစ်ယောက်က ရိုက်နှက် အပြစ်ပေး လိုက်သည် ဟုပြန်သိရ ကြားရသည့်တိုင် အထူး အဆန်းဟု မမှတ်ယူပဲ တစ်ချို့ မိဘများဆို ဆရာ ကျွန်တော့ သား၊ သမီးကို နာနာရိုက် ပေးပါနော် လို့တောင် သွားပြီး အပ်နှံကြတဲ့ အစဉ်လာကလဲ ခေါက်ရိုးတော်တော် ကျိုးနေကြပါပြီ။ နောက်ပြီး အိုးကောင်း နာနာရိုက် တို့ ဆန်ရင်း နာနာဖွပ်တို့ စတဲ့ အရိုက်ကြမ်းတဲ့ ဆရာတွေကို ပိုလို့ မီးလောင်ရာ လေပင့်ဖြစ်စေတဲ့ ရှေးစကားပုံ တွေကိုလည်း မိဘနဲ့ ဆရာကြား ပရိတ်ရွတ် သလို တတွတ်တွတ် ရွတ်နေလေတော့ လူကြမ်းကြီးတွေ ပိုအားရတာပေါ့နော်။ လဝန်းညို အမြင်ကို ပြောရမယ် ဆိုရင်တော့ အိုးကောင်း နာနာရိုက် ဆိုတဲ့စကားဟာ အိုးလုပ်သူတွေ အတွက်သာ မှန်ပါလိမ့်မယ် နောက်ပြီး သူတို့ရိုက်နေတဲ့ အရာက အော်လည်းမငိုတတ် မျက်ရည်လည်း မကျတတ် စဉ်းလဲ မစဉ်းစားတတ် တဲ့ သက်မဲ့ အရာဝတ္ထု ရွှံ့တုံးကြီး တစ်တုံးမျှသာ ဖြစ်တဲ့ အတွက် သူ့ကို နာနာရိုက်ယုံမကလို့ သောက်ရမ်းရိုက်သည့် တိုင်အောင် အိုးကောင်း တစ်လုံးက လွဲလို့ ဘာမှပိုပြီး ဖြစ်လာမှာ မဟုတ်ပါဘူး။ ဆန်ရင်းနာနာဖွပ် ဆိုတဲ့ စကားပုံလဲ ထို့အတူပါပဲ။

ဒါဆိုရင် ရှေးစကားပုံတွေက အမှားကြီးတွေလား လို့မေးစရာ ရှိပါတယ်။ မဟုတ်ပါဘူး သူ့ဖာသာသူနေနေတဲ့ ရှေးစကားပုံတွေက နဂိုကတည်းက မှန်နေ ပြီးသားပါ လူတွေကသာ အဓိပ္ပါယ်ကောက် လွဲမှားနေခြင်း ဖြစ်ပါတယ်။ အိုးကောင်းနာနာရိုက် ဆိုတဲ့ စကားပုံဟာ လူကိုနာနာရိုက်ခိုင်းခြင်း ဆိုတာထက် နာနာ လေ့ကျင့်ပေးခြင်း နာနာ သွန်သင်ပြသ ပေးခြင်း မှားနေတဲ့ စိတ်ကူး အိုင်ဒီယာ များကို အမှန်ဖြစ်အောင် ပြင်ပေးခြင်းကိုသာ ဆိုလိုရင်း ဖြစ်ပါတယ်။ သွန်သင် ပြသ ရာမှာလည်း ဆရာဖက်မှ စစ်မှန်တဲ့ အားစိုက်ထုတ်ခြင်း နည်းပရိယာယ် လိုအပ် ပါတယ်။ ခုလတ်တလော ဖြစ်နေတယ့် ပြဿနာမီး ငြိမ်းသွားရင် ပြီးရောဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရိုက်လိုက်ခြင်း ကိုတော့ ဆရာဖက်မှ အားစိုက်ထုတ်ခြင်း မလုပ်လို၍ ပြီးပြီးရော သဘောဖြင့် ပြဿနာကို ဖြေရှင်းလိုက်ခြင်း ဖြစ်တယ်ဟုသာ လဝန်းညို မြင်မိပါတယ်။ လဝန်းညို သိသလောက် နားလည်သလောက် နည်းမှန် လမ်းမှန် ဆိုရင် ဥပမာ အိမ်စာမလုပ်သော ကလေးတစ်ယောက်ကို ဆရာက ဘာကြောင့် မလုပ်လာတာလဲ ဆိုတဲ့ အကြောင်းရင်း ကိုအရင်သိအောင် စုံစမ်းပြီးမှ ကလေးကို အိမ်စာ ဘာကြောင့် လုပ်ခိုင်းခြင်းဖြစ်တယ်၊ ဘယ်လို အကျိုးကျေးဇူး တွေရှိတယ်၊ နောက်ဆိုရင်လဲ အတန်းဖော် အားလုံးနည်းတူ အိမ်စာ လုပ်လာသင့်တယ် စသည်ဖြင့် အကျိုးသင့် အကြောင်းသင့် အရင်ဆုံး ရှင်းပြသင့်ပါတယ်။ ရှင်းပြပြီးမှ ထပ်ပြီးမလုပ်လာဘူး ဆိုတော့မှ မိဘကို ခေါ်ပြီး ကလေးအကြောင်းကို မိဘနဲ့တိုင်ပင် သို့မဟုတ် ကလေးကို အိမ်တွင် စာလုပ်ဖို့ တွန်းအားပေးရန် မိဘကို တိုက်တွန်း စသည်ဖြင့် လုပ်ဆောင်သင့်ပါတယ်။  ဒါပေမယ့် မြန်မာမှု အလေ့အကျင့်အရ စကားပုံ တွေကို ကိုယ်လိုသလို အဓိပ္ပါယ် တလွဲတွေကောက်ပြီး စကားပုံထဲက အရာတွေနဲ့ မတူတဲ့ သက်ရှိ လူသား တစ်ယောက် ကိုရိုက်လိုက်ရင်တော့ ကောင်းလာမယ့်အစား အငြိုးအတေး စိတ်ဒဏ်ရာတွေသာ အဖတ်တင် ကျန်ရစ်မယ်လို့ လဝန်းညို တစ်ယောက် တွေးထင်မိပါကြောင်း။……….
သို့သော် ခေတ်နောက်ပြန်ဆွဲ ပြီး ဟောင်းနွမ်းနေတယ့် အယူအဆတွေကိုကာ ဖက်တွယ်ထား လေ့ရှိတဲ့ မြန်မာနိုင်ငံ သားတော်တော် များများကတော့ ကလေးကို လိမ္မာစေချင်ရင် နာနာရိုက်ရမယ် ဆိုတယ့် အယူဝါဒ ကိုခုချိန်ထိ ဖက်တွယ် ထားဆဲပါ။ ထိုသူများ အတွက်တော့ လဝန်းညိုက မေးချင်တဲ့ မေးခွန်းလေး တစ်ခု ရှိပါတယ်။ ယခု လက်ရှိ တိုးတက် ဖွံ့ဖြိုးနေတဲ့ နိုင်ငံများမှာ ရှိတဲ့ ကမ္ဘာကျော် နာမည်ကြီး ပုဂ္ဂိုလ် အများစုဟာ ငယ်ရွယ်စဉ် အခါနဲ့ သူတို့ တစ်ဘဝလုံး အိမ်မှာရော ကျောင်းမှာရော လုံးဝ တစ်ချက်မှ အရိုက်မခံ ခဲ့ရဖူးပါဘူး။ သို့ပေမယ့် ဘာကြောင့် ကမ္ဘာကျော် လောက်တဲ့ အထိ ဥဏ်ပညာ ကြီးများနေရတာပါလိမ့်နော်။ လဝန်းညို စဉ်းစားလို့ကို မရပါ။  
 ယခု နှစ်တွေမှာတော့ သင်ရိုးညွှန်းတမ်းတွေလဲ ပြောင်းသွားပြီ၊ ကျောင်းတွင်လဲ ဆရာ၊ ဆရာမများက တပည့်ကျောင်းသူ၊ ကျောင်းသားများအပေါ် ဟိုးအရင် အချိန်တွေကလို အရမ်းကာရော ရိုက်နှက် ဆုံးမခွင့် မပြုတော့ဘူး ဆိုတာကို သိရလို့ နောင်အနာဂါတ် ကလေးများအတွက် အလွန်ပဲ ဝမ်းသာပီတိ ဖြစ်ရပါတယ်။ နောက်နောင်ကိုလဲ လဝန်းညိုတို့ မြန်မာနိုင်ငံရဲ့ အနာဂါတ် ကြယ်ပွင့်ကလေးများ ကျောင်းမှာ အရိုက်ခံရခြင်းမှ ကင်းဝေးပါစေလို့ ဆုတောင်းပေး နေရင်း………….

စေတနာ များစွာဖြင့်
အသုပ်စုံ (လဝန်းညို)

Friday, May 11, 2018

ကော်ဖီ နှင့် ကျန်းမာရေး


မနက်ခင်းမှာ မနက်စာစားတိုင်း၊ ရုံးချိန် လက်ချာချိန်မှာ အိပ်ငိုက်တိုင်း၊ မိုးအုံ့အုံ့လေးနဲ့ ချမ်းစိမ့်စိမ့် ရာသီဥတုမျိုးမှာ ကော်ဖီဆိုတာ လိုအပ်ချက်လေးတစ်ခုပေါ့။ အနောက်တိုင်း ယဉ်ကျေးမှု ကူးစက်လာတာနဲ့ အမျှ မြန်မာနိုင်ငံမှာလည်း ကော်ဖီသောက်သုံးနှုန်းက တဖြည်းဖြည်း မြင့်မားလာပါတယ်။ ကမ္ဘာတစ်ဝှမ်း နေ့စဉ် အသောက် အများဆုံးဖြစ်တဲ့ ဒီကော်ဖီဟာ ကျန်းမာရေး ရှုထောင့်ကကြည့်မယ်ဆိုရင် ကောင်းကျိုးတွေရှိရဲ့လား။ ဆိုးကျိုးတွေရှိနေမလားလို့ သိချင်ကြမယ်ထင်ပါတယ်။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းကတော့ ကော်ဖီကိုကျန်းမာရေးနဲ့ ပက်သတ်ပြီး ဆိုးကျိုးတွေရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။ ကင်ဆာတောင်ဖြစ်စေနိုင်တယ်လို့ ပြောခဲ့ကြပါတယ်။

ယနေ့အချိန်မှာတော့ ကမ္ဘာကျန်းမာရေးအဖွဲ့အစည်း WHO က ကော်ဖီကို ကင်ဆာဖြစ်စေသော စာရင်းထဲမှ ဖယ်ထုတ်ခဲ့ပါတယ်။ ပြီးတော့ ကော်ဖီက ကျန်းမာရေးအတွက် ကောင်းကျိုးတွေ အများကြီးရှိကြောင်းကိုလည်း သုသေတီများက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ကော်ဖီ၏ အာဟာရတန်ဖိုး
ကော်ဖီမှာ ကင်ဆာကို ကာကွယ်ပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ဓာတ် (antioxidant) ယောင်ယမ်းမှုကို သက်သာစေသော (anti inflammatory compound)၊ ဗီတာမင် (vitamin B complex) နှင့် သတ္တုဓာတ်များ (magnesium, potassium, calcium, manganese, etc) စသည်တို့ ပါဝင်ပါတယ်။ ထိုဓာတ်များကို သဘာဝ ကော်ဖီမှုန့် စစ်စစ်ကို နှပ်ထားသော ကော်ဖီမှသာ ရရှိနိုင်မှာပါ။

လန်းဆန်းစေနိုင်ခြင်း
ကော်ဖီသောက်သောအခါ ကော်ဖီတွင်ပါဝင်သော ကဖင်းက ဦးနှောက်ကို သွားလှုံဆော်ပါတယ်။ ဦးနှောက်ကနေ နော်အပီနယ်ဖရင်း၊ ဒိုပါမင်းစတဲ့ အာရုံကြောဆဲလ်များကို လှုံ့ဆော်ပေးတဲ့ ဟော်မုန်းများ ထွက်လာစေပြီး စိတ်ရွှင်လန်းစေပါတယ်။ မှတ်ဥာဏ်ကိုလည်းတိုးတက်စေပြီး၊ အာရုံ စူးစိုက်မှုကို ပိုကောင်းစေပါတယ်။

ဝိတ်ကျခြင်း
ကော်ဖီပြင်းပြင်း တစ်ခွက်က သင့်ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက်ခြင်း (metabolism) ကို ၂၀% ထိမြန်စေပါတယ်။ ထို့ကြောင့် ခန္ဓာကိုယ်ရှိ အဆီဆဲလ်များပြိုကွဲပြီး ဖက်တီး အက်ဆစ် (fatty acid) ထွက်လာပါတယ်။ ထို fatty acid က ကျွန်ုပ်တို့အတွက် ကိုယ်လက်လှုပ်ရှားရာတွင် လိုအပ်သော စွမ်းအင်ကိုပေးပါတယ်။
ကဖင်းက ဗဟိုအာရုံကြောစနစ်ကို လှုံ့ဆော်ခြင်းဖြင့် အဒရီနယ်လင်း ဟော်မုန်းထွက်စေပါတယ်။ ထိုဟော်မုန်းကြောင့် ကြွက်သားများကို ပို၍အားကောင်းစေပါတယ်။ ကော်ဖီရဲ့ထို အစွမ်းများကြောင့် ၀ိတ်ချချင်တဲ့သူတွေ ပုံမှန် သောက်သုံးပေးခြင်းဖြင့် အဆီလည်းကျပြီး လေ့ကျင့်ခန်းလုပ်ရာတွင်လည်း ပိုမိုကောင်းမွန်လာစေမှာပါ။

ဆီးချိုရောဂါ ကာကွယ်နိုင်ခြင်း
သင့်တော်သော ကော်ဖီ ပမာဏ သောက်သုံးခြင်းဖြင့် အမျိုးအစာ ၂ ဆီးချိုဖြစ်နိုင်ချေကို လျော့ကျစေနိုင်ပါတယ်။ အချိုတွေ အများကြီးထည့်မသောက်မိဖို့တော့ လိုပါတယ်။
စိတ်ကျရောဂါ၊ အယ်လ်ဇိုင်းမားရောဂါ၊ ခြေတုန်လက်တုန်-ပါကင်ဆန်ရောဂါမှ ကာကွယ်နိုင်ခြင်း
အယ်လ်ဇိုင်းမားရောဂါဟာ ကမ္ဘာပေါ်မှာ အဖြစ်အများဆုံး အသက်ကြီး အာရုံကြော ပျက်စီးခြင်းရောဂါ တစ်မျိုး ဖြစ်တယ်။ ဒုတိယ အဖြစ်အများဆုံးရောဂါမှာ လက်တုန် ခြေတုန် ( Parkinson’s disease) ဖြစ်ပါတယ်။ ၂မျိုးလုံးက အသက်ကြီးတဲ့သူတွေမှာ ဖြစ်ကြပါတယ်။
အဲ့ဒီရောဂါများကို ပျောက်ကင်းအောင်ကုသဖို့ ဆေးမရှိပါဘူး။ ဒါပေမယ့် မဖြစ်အောင် ကြိုတင် ကာကွယ်နိုင်တယ်။ ကော်ဖီပုံမှန် သောက်သုံးခြင်းကလည်း ထိုရောဂါများ ဖြစ်နိုင်ချေကို လျော့ကျစေနိုင်ပါတယ်။

အသည်းအတွက် ကောင်းကျိုးများ
ကော်ဖီက အသည်းအတွက်လည်း ကောင်းကျိုးများ ရှိနေပြန်သေးသည်။ အသည်းခြောက်ခြင်းနှင့် အသည်းအဆီဖုံးခြင်းကို ကာကွယ်ပေးသည်။ ကော်ဖီကို တစ်နေ့ တစ်ခွက် သောက်သုံးခြင်းဖြင့် အသည်းခြောက်ခြင်းကို ၂၀% ထိ လျော့ကျစေနိုင်တယ်။ ကော်ဖီတွင် ယောင်ယမ်းမှုကို တားဆီးပေးနိုင်သည့် ဓာတ်ပစ္စည်းပါဝင်သည့် အတွက် နာတာရှည် ယောင်ယမ်းမှုကို လျော့နည်းစေသည့်အတွက် ယောင်ယမ်းမှု၏ နောက်ဆက်တွဲ ဆိုးကျိုးဖြစ်သည့် အသည်းခြောက်ခြင်းကိုပါ နှေးစေတယ်။

စိတ်ဓာတ်ကျခြင်းကိုလျော့နည်းစေခြင်း
ယနေ့ခေတ်မှာ စိတ်ဓာတ်ကျခြင်းဆိုတာ အတွေ့ရများတဲ့ ပြဿနာ တစ်ခု ဖြစ်လာပါတယ်။ လေ့လာချက်များ အရ ကော်ဖီကို တစ်နေ့ ၄ ခွက်ခန့် သောက်သုံးသူတို့မှာ စိတ်ကျရောဂါ ဖြစ်နိုင်ချေလျော့နည်းတယ်လို့လည်း ဖော်ပြထားပါတယ်။

ကော်ဖီကို သောက်သုံးခြင်းက ရောဂါ တော်တော်များများကို ကာကွယ်ပေးနိုင်တဲ့အတွက် ကော်ဖီသောက်လျှင် အသက်ရှည်နိုင်တယ်ဆိုတာ သံသယ ဖြစ်စရာ မလိုတော့ဘူးပေါ့။ လေ့လာမှုအများစုကလည်း ကော်ဖီ သောက်သုံးသူ တွေမှာ ကျန်းမာရေးနဲ့ ပက်သတ်တဲ့ ကောင်းကျိုးတွေဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် ကော်ဖီ သောက်သူများသည် အူမကြီး ရောဂါ နဲ့ လေဖြတ်ရောဂါ ဖြစ်ပွားနှုန်း လျော့ကျစေတယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် ကဖင်းဖယ်ထုတ်ထားတဲ့ ကော်ဖီတွေမှာတော့ ထို အာနိသင်ကို မရနိုင်ပါဘူး။
ကော်ဖီကို ဘယ်လောက်ဆေးဖက်ဝင်တယ် ဆိုဦးတော့ သူ့မှာ ဘေးထွက်ဆိုးကျိုးလေးတွေတော့ ရှိတာပါပဲ၊ ကော်ဖီသောက်ရင် သွေးပေါ်ချိန် မြင့်တက်နိုင်တယ်။ ဒါပေမယ့် ရေရှည်စွဲသောက်တဲ့ သူတွေမှာတော့ သွေးပေါင်ချိန် ပုံမှန်သာရှိနေတာကို တွေ့ရပါတယ်။

သို့သော် ကော်ဖီကို အရမ်းပူလွန်းသော (၆၅ံC) ထက်ပိုပူသော ရေဖြင့် သောက်ပါကလည်း အစာမျိုပြွန် ကင်ဆာ ဖြစ်နိုင်ချေရှိနေပါသေးတယ်။ ကော်ဖီ အလွန်အကျွံ သောက်ပါက အရိုးပါးခြင်း၊ အရိုးပွခြင်း တို့ဖြစ်နိုင် ပါတယ်။ နောက်ပြီး ကိုယ်ဝန်ဆောင် မိခင်များတွင် ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေးလမစေ့ပဲ မွေးခြင်း၊ ပေါင်မပြည့်ခြင်း၊ စတယ့် ဆိုကျိုးများကို ရင်ဆိုင်ရနိုင်ပါတယ်။

နောက်ဆိုးကျိုးတစ်ခုကတော့ ကော်ဖီစွဲသွားခြင်း ပဲဖြစ်ပါတယ်။ ကော်ဖီအလွန်ကြိုက်တဲ့ ကျွန်တော့ သူငယ်ချင်း တစ်ယောက် ကတော့ သူ ရုတ်တရက် ကော်ဖီ ဖြတ်လိုက်တဲ့ အခါမှာ နေရထိုင်ရ ခက်ခြင်း၊ စိတ်မကြည်လင်ခြင်း၊ စိတ်အနှောင့်အယှက် ဖြစ်လွယ်ခြင်း စတယ့်ဝေဒနာများ ခံစားရပြီး ကော်ဖီသောက် လိုက်မှသာ နေသာထိုင်သာ ရှိသွားတယ် လို့ ပြောပြဖူး ပါတယ်။

ကော်ဖီမှာ အက်ဆစ်ဓာတ် ပါရှိတဲ့အတွက် အစာအိမ်နာတတ်သူ များကတော့ ကော်ဖီကို လျော့သောက် သင့်ပါတယ်။ ကော်ဖီ သောက်ရင် မျက်စိကြောင်ပြီး အိပ်မရဘူး ဆိုတာကိုလည်း ခဏခဏ ကြားဖူးမှာပါ။ နောက်ပြီး ကော်ဖီကြောင့် ကတုန်ကရင် ဖြစ်ခြင်း၊ ဆီးခဏခဏ သွားခြင်း၊ စိတ်ဂဏာမငြိမ် ဖြစ်ခြင်း စသည်တို့ ကြုံတွေ့ရနိုင်ပါတယ်။

ကော်ဖီရဲ့ ဘေးထွက်ဆိုးကျိုးတွေကို မခံနိုင်တဲ့သူ ဆိုရင်တော့ ကော်ဖီ မသောက်သင့်ပါ လို့ပဲ အကြံပေးပါရစေ။ နောက်ပြီး ကော်ဖီကို ကြိုက်နှစ်သက်တဲ့ ကော်ဖီချစ်သူတွေ ကိုတော့ အလွန်အကျွံ မသောက်ပဲ တော်ရုံသာ သောက်မယ်ဆိုရင် ဆေးဖြစ်နိုင်ကြောင်း သတင်းကောင်း ပါးပါရစေ။

လူတစ်ယောက်ဟာ တစ်နေ့ကို ကဖင်းပါဝင်မှု ၄၀၀ ဂရမ်အထိ သောက်သုံးနိုင်ပါတယ်။ အကြမ်းဖြင်း အရတော့ ကော်ဖီကြမ်း ၄ခွက် အထိ ဘေးကင်းပါတယ်။ ရောဂါကုသတဲ့ ဆေးတိုင်းမှာတောင် ဘေးထွက် ဆိုးကျိုးက ရှိနေတော့ ကော်ဖီကိုလည်း အကျိုးအပြစ် ချင့်ချိန်ပြီး တော်သင့်ရုံသာ သောက်ကြပါလို့ စာဂျပိုး ကနေပြီး အကြံပေး လိုက်ပါတယ် ကော်ဖီချစ်သူတို့ရေ . . . . . . . . . . . . .
မေတ္တာဖြင့်
အသုပ်စုံ (စာဂျပိုး)

Thursday, May 10, 2018

WE LOVE COFFEE


ကော်ဖီချစ်သူများအတွက်တော့ ကော်ဖီဆိုတဲ့စကားလုံးလေးက ကိုယ့်ချစ်သူ ကိုယ့်အဖော်ရဲ့ နာမည်လေး ကြားလိုက်ရသလိုရှိမှာပါ။ ကော်ဖီရဲ့ ခါးသက်သက်အရသာ ချိုမြမြအရသာက ကော်ဖီချစ်သူတို့ကို မသောက်ရ မနေနိုင်အောင် စွဲဆောင်ကြတာချည်းပါပဲ။ ဘယ်ကော်ဖီ အမျိုးအစား ကတော့ဖြင့် ဘယ်လို အရသာရှိလဲ၊ ခပ်ပြင်းပြင်းလား ခပ်ပျော့ပျော့လားဆိုတာကိုသိရှိစေဖို့ we love coffee ဆောင်းပါးလေးနဲ့ ကော်ဖီအကြောင်း တစေ့တစောင်း ပြောပြပါရစေ။ စာဂျပိုးကိုယ်တိုင်ကလည်း ကော်ဖီ ကြိုက်သူ တစ်ဦးပါ။ ဒါပေမယ့် ကော်ဖီဆိုင်ရောက်ရင် ကော်ဖီအမျိုးအစားတွေက အများကြီးရှိနေတော့ ဘယ်ဟာ ရွေးသောက်ရမလဲ အမြဲအခက်ကြုံခဲ့ရပါတယ်။ ဒီတော့ တခြားကော်ဖီချစ်သူတွေလည်း စာဂျပိုးလို အခက်မကြုံအောင် ကော်ဖီအကြောင်းလေး ပြောပြသွားမယ်နော်။

ကော်ဖီချစ်သူများအတွက်တော့ အက်စ်ပရက်ဆို espresso ဆိုတဲ့အသုံးနှုန်းလေးကတော့ မစိမ်းတော့ဘူး ဖြစ်မှာပါ။ espresso ကို ကော်ဖီတွေရဲ့ဘိုးအေလို့တောင် တင်စားနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ကော်ဖီတော်တော်များများက espresso ပေါ်အခြေခံပြီးလုပ်သွားလို့ပါပဲ။ ရေအချိုးအဆ နို့အချိုးအဆ အချို ပါဝင်မှုပေါ်မူတည်ပြီး အမျိုးအစား ကွဲပြားသွားတာပါ။

ဒီတော့ အရင်ဆုံး espresso အကြောင်းအနည်းငယ်ပြောပြသွားပါမယ်။ Espresso တစ်ခွက် ဖြစ်လာဖို့ကို မှုန့်ညက်နေတဲ့ကော်ဖီမှုန့် 7 g လောက်ကို ရေ 25ml မီလီလီတာလောက်နဲ့ အပူနဲ့ ဖိအားကိုသုံးပြီး espresso machine စက်ထဲမှာ ပြုလုပ်လိုက်တဲ့အခါ ကော်ဖီမှုန့်တွေအားလုံး ရေထဲမှာပျော်ဝင်သွားပြီး espresso ကော်ဖီတစ်ခွက်ရလာပါတယ်။ espresso ကော်ဖီတစ်ခွက်မှာ ကဖင်း 120-150 mg ပါဝင်ပါသည်။ ဒီတော့ espresso ဆိုတာ ကော်ဖီခပ်ပြင်းပြင်းလေးတစ်ခွက်ပေါ့။

Espresso အကြောင်းသိပြီဆိုတော့ နောက်တစ်ဆင့် espresso ပေါ်အခြေခံပြီး ကွဲပြားသွားတဲ့ ကော်ဖီတွေ အကြောင်း ထပ်ရှင်းပြပါမယ်။

(၁)အမေရိကာနို Americano
အမေရိကာနိုကိုပြုလုပ်ဖို့အတွက် espresso တစ်ခွက်ကို ရေနွေး 30-470 ml လောက်ရောလိုက်တယ်။ အဲ့ဒါကြောင့် အမေရိကာနိုရဲ့ ပြင်းအား espresso ဘယ်နှခွက်သုံးလဲပေါ်မှာမူတည်တယ်။ ခပ်ပြင်းပြင်းလေး သောက်ချင်တယ်ဆိုရင်တော့ espresso နှစ်ခွက်လောက်ထိရောနိုင်တယ်။ ဒါဆို အမေရိကာနိုရဲ့ အရသာက ခါးသက်သက် ခပ်ပြင်းပြင်းကော်ဖီဆိုတာ သိသွားပြီပေါ့။

(၂)ကဖေးလန်ဂို cafe lungo
သူကတော့ အမေရိကာနိုနဲ့ခပ်ဆင်ဆင်ပါပဲ။ ဒါပေမယ့် သူ့ကျတော့ espresso ကို ရေနွေး ရောတာ မဟုတ်ဘဲ အစကတည်းက ရေပမာဏခပ်များများနဲ့ ဖျော်တာပါပဲ။ Espresso ဖျော်မယ့် ရေပမာဏထက် ပိုပြီး ဖျော်လိုက်တာပါ။

(၃)ကဖေး ကျူဘာနို café cubano
ကျူးဘားနိုင်ငံရိုးရာကော်ဖီဖြစ်ပြီး အရသာမှာ ပြင်းပြင်းနဲ့ ချိုချိုလေးပါ။ ကော်ဖီစေ့နဲ့ သကြား တစ်ခါတည်းရောပြီး နှပ်ကြတယ်။ ကန်တော့ပုံပိတ်စနဲ့  စစ်ချပြီး နှပ် တဲ့နည်းကိုသုံးကြတယ်။ ကျူဘန်းရိုးရာ ကော်ဖီက နောက်ပိုင်းတွင် မိုင်ယာမီ၊ ဖလော်ရီဒါ၊ ယူအက်စ် ကိုပျံ့နှံ့သွားပြီး espresso machine ကိုသုံးပြီး ကော်ဖီနဲ့ သကြားရောပြီးနှပ်တဲ့နည်းကိုသုံးကြတယ်။ အဲ့ဒီနောက်ပိုင်း café cubano သို့မဟုတ် Cuban espresso ဆိုပြီး ခေါ်လာကြပါတယ်။

(၄)အန်တိုစီနို Antoccino
အန်တိုစီနိုကိုဖျော်ဖို့အတွက် espresso နဲ့ နွားနို့ကို 1:1 ပမာဏနဲ့ရာစပ်ပါမယ်။ ဒါဆို စိမ့်သက်သက် အရသာကိုခံစားရမယ်။

(၅) Cuppcucino
Cappuccino ကတော့ လူတိုင်းရင်းနှီးပြီးသားဖြစ်မှာပါ။ နိုင်ပမာဏကများများ ပါဝင်ပြီး အရသာ စိမ့်စိမ့်လေးနဲ့ ကော်ဖီလည်းသိပ်မပြင်းဘူးပေါ့။ espresso ကိုနွားနို့အပူနဲ့ အမြုပ်ရိုက်ထားတဲ့ နွားနို့ ရောစပ်ပြီး ဖျော်လျှင် အမြုပ်များများနဲ့ Cappucino တစ်ခွက်ရပါပြီ။ Cappuccino အပေါ်က အမြုပ်ကလေးတွေက Coffee ကို အချိန်ကြာကြာ ပူနွေးနေစေပါတယ်။

(၆) အက်စ်ပရက်စီနို (Espressino)
အက်စ်ပရက်ဆိုကို အပူပေးပြီးသား နွားနို့နဲ့ ချောကလက်မှုန့်လေးတွေ ရောဖျော်ထားတယ့် Coffee ကို အက်စ်ပရက်စီနို လို့ခေါ်ပါတယ်။

(၇) ဖလက်ဝှိုက် (Flat White)
Flat White ရဲ့ ကော်ဖီ၊ နို့အချိုးအဆကတော့ Cuppuccino နဲ့အတူတူ ပါပဲ။ ကွာခြားတာကတော့ Espresso ပမာဏနဲ့ အမြုပ်မထွက်တဲ့ နွားနို့ကို အသုံးပြုထားခြင်းပဲ ဖြစ်ပါတယ်။ Flat White မှာ Cappuccino လို အမြုပ်မများတဲ့အတွက် ကော်ဖီနဲ့နို့ အရသာကလျှာဖျားထဲကို စိမ့်ဝင်သွား တော့တာပေါ့။

(၈) လက်တေး (Latte)
လက်တေးတွင်တော့ အက်စ်ပရက်ဆိုနဲ့ နို့ကို ၁း၃ ကနေ ၁း၅ အချိုးအစားထိ ရောစပ်ထားပါတယ်။ သူ့မှာလည်း အမြုပ်လေးတွေ ပါပါတယ်။ Cappuccino လောက်တော့ အမြုပ်မများဘူး၊ နို့များများနဲ့ စိမ့်စိမ့်လေးမှ သောက်ချင်တယ့် သူတွေအတွက် သင့်တော်ပါတယ်။

(၉) လက်တေး မက်ချီယာတို (Latte Macchiato)
သူကတော့ နွားနို့ကို အက်စ်ပရက်ဆို ရောပြီးဖျော်တာပဲ။ လက်တေးနဲ့ မတူတာက သူက နွားနို့ အသားပေး အရသာအစိမ့်ဘက် ရောက်တယ်။ ပြီးတော့ အက်စ်ပရက်ဆို ကိုလည်း တစ်ဝက်ပဲ ထည့်ဖျော်တယ်။ သူ့မှာ အသုံးများတယ့်နို့က ပုံမှန် နို့ထက် အမြုပ်ပိုပါတယ်။ ကော်ဖီနဲ့ နို့ ရောမွှေပြီး ဖျော်တာ မဟုတ်ပဲ တစ်လွှာစီဖြစ်အောင် ဖျော်ပါတယ်။

(၁၀) မက်ချီယာတို (Macchiato)
သူကတော့ (Espresso) ကိုနို့များများရောထားတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ကော်ဖီရဲ့ အရသာ ပျော့သွားတယ်။ မက်ချီယာတိုမှာ အရေးအကြီးဆုံးက အလွှာသုံးလွှာပဲ။ သူ့ရဲ့ပုံစံ ကြည့်လိုက်ရင် အောက်ဆုံးက အရောင်အရင့်ဆုံး အလွှာ (Espresso) ပေါ့ အလယ်လွှာကတော့ (Espresso) နဲ့နို့နဲ့အရော အပေါ်ဆုံးလွှာက နို့အမြုပ်လေးတွေကို ခပ်ထူထူ လောင်းထည့်ထားပါတယ်။

(၁၁) မိုခါး (Mocha)
မိုခါးကတော့ (Cappuccino) နဲ့ချောကလက် ရောထားတယ့် အရသာလေးပါ။ စိမ့်စိမ့်လေးနဲ့ ချောကလက်နဲ့ မွှေးမွှေးလေးကို တွဲဖက်ခံစားရမှာပါ။ သူကလည်း (Cappuccino) လိုအမြုပ်များတယ်။ အမြုပ်ပေါ်မှာ  ချောကလက်မှုန့် လေးတွေလည်း ဖြူးထားပေးတဲ့အတွက် ပိုမိုထူးခြားတယ့် အရသာ ကိုလည်း ခံစားရမှာပါ။

(၁၂) လစ်ခီယာ ကော်ဖီ (Liqueur Coffee)
ဒီကော်ဖီကတော့ အရက်နဲ့ ရောစပ်ထားတာဖြစ်တယ်။ Liqueur အရက်က ခပ်ပြင်းပြင်း ချိုချို အရသာ ရှိပါတယ်။ လစ်ခီယာ ကော်ဖီဟာဆိုရင် ချိုမွှေးမွှေး ခါးသက်သက် ရီဝေဝေ အရသာကိုပေးနိုင်မှာ ဖြစ်ပါတယ်။

ကော်ဖီ အမျိုးအစား အများကြီးကိုတော့ ဖော်ပြလိုက်ပြီနော်။ တချို့ကလည်း မြန်မာမှာ လူသိ သိပ်မများသေးသလို မရနိုင်သေးတာလည်းရှိမယ်။ ဒီလောက် သိထားပြီးရင်တော့ အသုပ်စုံရဲ့ ကော်ဖီချစ်သူတို့ ကော်ဖီဆိုင် ထိုင်တဲ့အခါ ကြိုက်နှစ်သက်မယ့် အရသာလေးတွေကို ရွှေးချယ်မှာယူ နိုင်လိမ့်မယ်လို့ မျှော်လင့်မိ ပါတယ်။ နောက်နောင် အခါများတွင်လည်း ဒီထက်စိတ်ဝင်စားစရာ ကောင်းမယ့် အစီစဉ်မျိုးကို ရေးသားဖော်ပြ ပေးသွားမှာ ဖြစ်လို့ အသုပ်စုံရဲ့ Blog စာမျက်နှာ www.athoatsone.blogspot.com မှာလည်း ဝင်ရောက် ဖတ်ရှု နိုင်မှာ ဖြစ်ပါတယ်။
မေတ္တာများစွာဖြင့်
စာဂျပိုး
Ref: Wiki Pedia
Lattaeart

Wednesday, May 9, 2018

ဘ၀တစ်ဆစ်ချိုး


ကျွန်ုပ် အပါအ၀င် လူတော်တော်များများသည် လမ်းဖြောင့်ကိုသာလျှောက်ချင်ကြသည်။ သက်တောင့်သက်သာဖြစ်မည့် ပတ်ဝန်းကျင် comfort zone တွင်သာအမြဲတစေ နေလိုကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ထိုပတ်ဝန်းကျင်မှာ ကျွန်ုပ်တို့ စိတ်ဖိစီးမှုကင်း၍ လုံခြုံသည်ဟု ခံစားရသောကြောင့် ပါပဲ။ ကျွန်ုပ်တို့ အားစိုက်ထုတ်စရာမလို၊ ဦးနှောက်သုံးစရာမလို၊ ရေလိုက်ငါးလိုက် မျှောနေလို့ရသော ထိုနေရာတွင် ရေရှည်နေချင်ကြသည်။
ဥပမာ-       အနှစ် ၂၀ လောက် လုပ်လာခဲ့သော အလုပ်မှ မပြောင်းလိုခြင်း
               ကိုယ်နေခဲ့သော နေရာမှ မပြောင်းလိုခြင်း
               ပတ်ဝန်းကျင်အသစ်တခုတွင် အခြေမချလိုခြင်း
               စီးပွားရေးအသစ်တခုစလုပ်ရန်ဝန်လေးခြင်း
               အဆင်မပြေသော အိမ်ထောင်ရေး သို့မဟုတ် relationship တစ်ခုကိုအဆုံးသတ်ရန် မ၀ံ့ရဲခြင်း
ထိုကိစ္စများသည် ကျွန်ုပ်တို့၏ လက်ရှိအခြေအနေကို ဂယက်ထစေသည့် ပြောင်းလဲမှုများဖြစ်တယ်။ ထိုအခြေအနေမျိုးတွင် ကျွန်ုပ်တို့ ရုန်းကန်ရန် စွမ်းအားများလိုတယ်။လူတော်တော်များများက မိမိတွင်ရှိသော စွမ်းအားများကိုလျှော့တွက်လွန်းကြသည်။ မဖြစ်မနေ အခြေအနေမျိုးမှာမှ ထိုစွမ်းအားများကို အသုံးပြုကြသည်။ ထို့ကြောင့်လည်း တတ်နိုင်သရွေ့ ပတ်ဝန်းကျင်အသစ်သို့ မသွားလိုခြင်း၊ မရုန်းကန်လိုခြင်းဖြစ်တယ်။
ထို့ကြောင့် ကြာလေလေ နွားခြေရာခွက်ထဲက ဖားသူငယ်နှင့် တူလေလေ ဖြစ်နေတယ်။ နွားခြေရာခွက်ကို ကမ္ဘာထင်ပြီး လုံခြုံစိတ်ချ ကျေနပ်နေခြင်းဖြစ်တယ်။ အပြင်ဘက် ကမ္ဘာကို ထွက်မကြည့်ခြင်းက ကြီးမားသော ဆုံးရှုံးမှု ဖြစ်မှန်းမသိ ဖြစ်လာတယ်။ ကိုယ့်အစွမ်းအစကိုကိုယ် ထုတ်မသုံးသည့်အတွက် မိမိစွမ်းအားကိုမိမိ ဖြုန်းတီးနေတာနဲ့တူတယ်။
ကျွန်ုပ်တို့သည် ပြောင်းလဲခြင်းကို မကြိုက်ကြ၊ ပြောင်းလဲခြင်းရဲ့ဒဏ်ကို မခံလိုပေ။ ပြောင်းလဲခြင်းတိုင်းမှာတော့ ရုန်းကန်ရခြင်းဆိုတဲ့ အားစိုက်မှုလိုသည်။ ထိုအားစိုက်မှုကသာလျှင် ကျွန်ုပ်တို့၏ ဘ၀တစ်ဆစ်ချိုးကို ပြောင်းလဲပေးနိုင်မှာဖြစ်သည်။
ဘ၀တစ်ဆစ်ချိုးဆိုတာ ကျွန်ုပ်တို့ ဘ၀ကို အသစ်က ပြန်စရေးရသလိုပါပဲ။ လူတိုင်း ဘ၀အစမှာ ရုန်းကန်ခဲ့ရတာချည်းပဲ။ ကျွန်ုပ်တို့ကို မွေးဖွားကတည်းက မိခင်၏ ဗိုက်ထဲက ထွက်တာကစလို့ ရုန်းကန်ခဲ့ရတာပါပဲ။ အဲ့တော့ ရုန်းကန်ခြင်းဆိုတာ သက်ရှိတိုင်းအတွက် လိုအပ်ချက်လို့တောင် ပြောနိုင်တယ်။ ဒါဆို ဘာလို့ ရုန်းကန်ဖို့ကို တွေးကြောက်နေမှာလဲ။
တကယ်တော့ အပြောင်းအလဲဆိုတာ ကျွန်ုပ်တို့အတွက် အခွင့်အရေးတွေ သယ်ဆောင်လာခြင်းလည်း ဖြစ်နိုင်တယ်။ ကျွန်ုပ်တို့အတွက် ကြီးမားသော ဆုံးရှူံးမှုဖြစ်စေကာမူ ခြေလှမ်းအသစ် စလှမ်းရန် အခွင့်ရေး တစ်ရပ်ပါပဲ။
ဥပမာ အိမ်မီးလောင်သွားတဲ့အခါ ကျွန်ုပ်တို့ သောကဖြစ်မယ်၊ ပူဆွေးမယ်၊ ဒါပေမယ့် စိတ်ဓာတ်ကြံ့ခိုင်တဲ့ သူတွေ ကတော့ အသစ်ကပြန်စဖို့ အခွင့်အရေးလို့တောင် ယူဆတတ် ကြပါတယ်။ ဒီတော့ အရေးကြီးတာက ဆုံးရှုံးမှုတွေ ကြုံလာရတိုင်းမှာ ကိုယ့်ကိုယ်ကို မရှုံးသွားဖို့လိုတယ်။
ကိုယ်ချစ်ခင်တန်ဖိုးထားရတဲ့သူတစ်ယောက် ဆုံးရှုံးသွားတဲ့အခါ ကျွန်ုပ်တို့ ၀မ်းနည်းမယ်၊ ငိုကြွေးမယ်၊ မျှော်လင့်ချက်မဲ့သွားသလို ခံစားရမယ်။ ဒါပေမယ့် နားလည်ထားရမှာက ထိုသို့ဖြစ်သွားသည့်တိုင်အောင် မှန်ကန်သောနည်းလမ်းနဲ့ ဆက်လက်ရှင်သန်သွားရဦးမယ် ဆိုတာပါပဲ။
အနှစ် ၂၀ လောက်လုပ်လာခဲ့သော ကုမ္ပဏီက ဒေ၀ါလီခံတော့ အလုပ်ထွက်လိုက်ရတယ်။ ကိုယ့်အသက်ရဲ့ ထက်ဝက်နီးပါးလောက် အဲ့မှာပဲ အချိန်ကုန်ခဲ့တယ်။ တခြားဘာမှလည်းမလုပ်တတ်တော့၊ အသက်အရွယ်အားဖြင့်လည်းကြီးလာပြီ၊ တခြားကိုယ့်ထက်အသက်ငယ်တဲ့သူတွေက ကိုယ့်ထက်ပိုတတ်နေတာတွေ၊ နည်းပညာပိုင်းမှာ ယှဉ်လို့မရနိုင်တော့တာတွေ စသည်ဖြင့် ကြုံလာတဲ့အခါ ကျွန်ုပ်တို့ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ဖြစ်ရဦးမှာပါပဲ။ ဒါပေမယ့် ဒီလိုဖြစ်လာခြင်းက ကိုယ်ပိုင်စီးပွားရေး စတင်ဖို့ အခွင့်အရေး ဖန်တီးလာတာရော မဖြစ်နိုင်ဘူးလား။ သို့သော် ပတ်ဝန်းကျင်အသစ်မှာ အဆင်ပြေဖို့ ကျွန်ုပ်တို့ ရုန်းကန်ရမယ်၊ အားထုတ်ရမယ်၊ စိတ်ပင်ပန်းမှုဒဏ်ရော လူပင်ပန်းမှုဒဏ်ပါ ခံနိုင်ရပါမယ်။ အသစ်တွေကို လေ့လာရမယ်။ ကိုယ်လုပ်နေကြ မဟုတ်တော့တဲ့အရာတွေကို လုပ်ကိုင်ရမယ်။ အခန့်မသင့်ရင် ကျဆုံးမှုလည်း ထပ်ကြုံနိုင်သေးတာပါပဲ။ ဒါပေမယ့် အဲ့လိုကျဆုံးတိုင်း ကျွန်ုပ်တို့ စိတ်ပျက် အားငယ်နေဖို့ မလိုပါဘူး။ နည်းလမ်းမှန်ရဲ့လား၊ အစီစဉ်ကောင်းရဲ့လား ဆိုတာ သေချာပြန်ဆန်းစစ်ရပါမယ်။ တစ်ကြိမ် နှစ်ကြိမ် ရှုံးပြီးတိုင်း ဘ၀မှာ အကြိမ်ကြိမ် ရှုံးနေလိမ့်မယ်လို့လည်း ယုံကြည်ချက်ပျောက်ဆုံးနေလို့ မဖြစ်သေးပါဘူး။ ရှေ့က ရှုံးနိမ့်မှုတွေကို သင်ခန်းစာယူရင်း အမှားပြင်ဆင်ရင်း ပိုမိုကောင်းမွန်တဲ့ အစီစဉ်တွေနဲ့ ရှေ့ဆက်ကြရမှာ လူ့ဘ၀ပါပဲ။ မိမိရဲ့ အားနည်းချက် ချို့ယွင်းချက်တွေကို ပြန်သုံးသပ်ရင်း ပြင်ဆင်ရင်းနဲ့ ပိုကောင်းတဲ့အနာဂတ်ကို မျှော်လင့်ထားပါ။
ဘ၀မှာ အချိုးအကွေ့တွေနဲ့ တွေ့ကြုံတိုင်း စိတ်ဓာတ်ကြံ့ခိုင်ဖို့လိုအပ်ပါတယ်။ ထိုကြံ့ခိုင်ခြင်းကသာလျှင် ကျွန်ုပ်တို့ လဲမကျသွားအောင် ထောက်မပေးထားမှာပါ။ ငါတော့ မရတော့ပါဘူး မဖြစ်နိုင်တော့ပါဘူးဟု လက်လျှော့လိုက်တဲ့ တစ်နေ့ဟာ ကိုယ့်ဘာသာ ကျရှုံးတဲ့ နေ့ပါပဲ။ လူတွေဟာ တစ်ရာ ရာခိုင်နှုန်း ပြီးပြည့်စုံနေကြတယ်လို့ မရှိပါဘူး။ စိတ်အားငယ်ခြင်း၊ ယုံကြည်မှုပျောက်ဆုံးခြင်း၊ ပျင်းရိခြင်း၊ လူတောမတိုးခြင်း စတဲ့ အားနည်းချက် ကိုယ်စီ ရှိကြပါတယ်။ မိမိ အားနည်းချက်ကို သိအောင်ကြိုးစားပြီး ပြုပြင်ရင်းနဲ့ပဲ စိတ်ဓာတ် ကြံ့ခိုင်တဲ့သူ ဖြစ်လာမှာပါ။
ဘ၀တစ်ဆစ်ချိုးဆိုတာ ကျွန်ုပ်တို့အတွက် ဒဏ်ရာဒဏ်ချက်တွေနဲ့ ရင့်ကျက်မှုတွေဆီကိုသွားဖို့ လှေကား တစ် ထစ်ပါပဲ။ လှေကားကိုတက်ဖို့ ခွန်အားကိုသုံးရတယ်။ ရေဆန်ကိုလှော်တက်ဖို့ အားစိုက်ရတယ်။ ငှက်ကလေးတွေ အကောင်ပေါက်ဖို့ အခွံမာကို အားနဲ့ရုန်းထွက်ရတယ်။ လိပ်ပြာဖြစ်လာဖို့ ပိုးကောင်ဟာ ပိုးအိမ်ကို အားနဲ့ဖောက်ထွက်ရတယ်။ ထို့အတူ မိတ်ဆွေတို့လည်း ဘ၀ တစ်ဆစ်ချိုးမှာ ခွန်အားအပြည့်နဲ့ ပြောင်းလဲနိုင်ကြပါစေ၊

မေတ္တာဖြင့်
အသုပ်စုံ (စာဂျပိုး)

နိုင်ငံခြားမှာ အလုပ်လုပ်မယ် ဆိုရင်။


          ဒီတစ်ခါမှာတော့ လဝန်းညိုရဲ့ စာဖတ်ပရိတ်သတ်ကြီး အတွက် စိတ်ဝင်စားဖို့ကောင်းတဲ့ ခေါင်းစဉ် တစ်ခုနဲ့ ဗဟုသုတ ရစေရန်အတွက် နဲ့ နိုင်ငံရပ်ခြား သို့ထွက်ပြီး အလုပ်လုပ်ရန် ကြိုးစားနေကြတယ့် ကျွန်တော်တို့ မြန်မာနိုင်ငံက ညီအစ်ကိုမောင်နှမများ အတွက် ရည်ရွယ်ပြီး ဒီ Post ကိုတင်ပေးလိုက်ပါတယ် ခင်ဗျာ။
          ဟုတ်ကဲ့ လဝန်းညိုတို့ မြန်မာနိုင်ငံသား တွေထဲက အရွယ်ရောက် ပြီးသူ တော်တော်များများဟာ နိုင်ငံရပ်ခြားသို့ သွားရောက် အလုပ်လုပ်ကိုင် ချင်ကြပြီး ထိုသိုသွား၍ အလုပ်လုပ်ခြင်းအားဖြင့်လည်း လုပ်အားခ ကြေးငွေ အမြောက်အများ ရရှိလိမ့်မည်ဟု အများအားဖြင့် တရားသေယူဆ ထားကြပါတယ်။ သို့ပေမယ့်လည်း တကယ်တမ်း တိုင်းပြည်ရပ်ခြားသို့ ရောက်ရှိပြီး ကိုယ်အလုပ်လုပ်ကိုင်ရမယ့် တိုင်းပြည် သို့မဟုတ် စက်ရုံသို့ ရောက်ရှိချိန်မှာတော့ ကိုယ်မျှော်လင့် ထားတယ့် လစာငွေ သို့ဝင်ငွေက တစ်မျိုး ကိုယ်တကယ် ရတယ့် လုပ်အားခ ဝင်ငွေက တစ်မျိုး အကွာကြီးကွာပြီး မှန်းချက်နဲ့ နှမ်းထွက် မကိုက်ပဲ စိတ်ဓာတ်တွေ ဟိုးအောက်ဆုံးထိ ထိုးကျသွားရတယ့် အဖြစ်မျိုးကို ကြုံနေရတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေလည်း ထုနဲ့ဒေး ရှိနေတယ် ဆိုတာတော့ ငြင်းလို့မရနိုင်တယ့် အမှန်တရား တစ်ခုပါ။
          အဲ့ဒီလို အဖြစ်တွေ အဖြစ်များတဲ့ နိုင်ငံတွေကတော့ မြန်မာနိုင်ငံနဲ့ အနီးဆုံး နယ်စပ်ခြင်းထိတွေ့ နေတဲ့ ထိုင်းနိုင်ငံ ပြီးနောက် မြန်မာအလုပ်သမားတွေ တရားဝင် အများဆုံးသွားရောက်နေတယ့် မလေးရှား ပြီးနောက် အဲ့ဒီထက် တစ်ဆင့်မြင့်တဲ့ စလုံးခေါ် စင်ကာပူ နိုင်ငံ စတဲ့ နိုင်ငံတွေပဲ ဖြစ်ပါတယ်။
          အိုကေ ဒါဆို သူများတွေ နိုင်ငံခြားမှာ အလုပ်သွားလုပ်ရင်းနဲ့ ပိုက်ဆံ တစ်လ ဆယ်သိန်းသိန်းနှစ်ဆယ် စုမိနေတယ်ဆိုတယ့် လူတွေ  တကယ်မရှိဘူးလားလို့ မေးစရာရှိပါတယ်။ အဲ့ဒီမေးခွန်းအတွက် တကယ် မှန်ကန်တယ့် အဖြေကတော့ ဟုတ်ကဲ့ရှိပါတယ်။ ဆယ်သိန်းသိန်းနှစ်ဆယ် မဟုတ်ပါဘူး သိန်း သုံးလေးငါးဆယ် လခ ရနေတယ် မြန်မာတွေလည်း ထုနဲ့ဒေးပါ ဒါပေမယ့် သူတို့ အဲ့လောက်ဝင်ငွေ ရနေရခြင်းရဲ့ ကြောင်းရင်းခံ ကတော့ သူတို့တွေက Professionalize ကျွမ်းကျင် ပညာရပ် တစ်ခုနဲ့ သွားရောက် အလုပ်လုပ်ကိုင် နေကြလို့ပဲ ဖြစ်ပါတယ်။ ဥပမာ အနေနဲ့ကတော့ အင်ဂျင်နီယာ များ M.B.,B.S ဆရာဝန်များ၊ သို့မဟုတ် I . T ကွန်ပျူတာပိုင်းဆိုင်ရာ နည်းပညာရှင်များ စတယ့် သူတို့ရဲ့ ရရှိထားတယ့် ဘွဲ့လက်မှတ်များစွာနဲ့ အမှန်တစ်ကယ် တတ်ကျွမ်းတယ့် ပညာများနဲ့ သွားရောက် အလုပ်လုပ် နေရင်တော့ တစ်ကယ်ကို မြန်မာနိုင်ငံ ထဲမှာ ဘယ်လိုမှ စိတ်ကူးတောင် မယဉ်ခဲ့ဖူးတယ့် လစာပမာဏကို ရရှိမှာပဲ ဖြစ်ပါတယ်။ သို့သော် မိမိမှာ ဘာပညာ အရည်အချင်းမှ မရှိတယ့် အပြင် English Speaking လေးကိုတောင် သုံးလုံးကွဲအောင် မပြောတတ် ရင်တော့ နိုင်ငံခြားသွား အလု့ပ်လုပ်ပြီး ရရှိမယ့် လုပ်အားခကတော့ မစုတတ်ရင် အိမ်ပြန်ပို့ဖို့နေနေသာသာ အကြွေးတောင် ပြန်တင်သွားနိုင်ပါတယ်။ မသွားခင် အရင် သွားဖူးတယ့် သူတွေ ပြန်ပြောပြတယ့် လုပ်အားခ ပမာဏ ကိုပဲ ကြည့်မယ်ဆိုရင်တော့ မြန်မာနိုင်ငံမှာ ရရှိတယ့် လုပ်အားခထက်တော့ သိသိသာသာ များတယ် လို့ပဲပြောရမှာပေါ့။ ဒါပေမယ့် လူကိုယ်တိုင် ရောက်သွားချိန်မှာတော့ တစ်ဖက်နိုင်ငံမှာ ကုန်ကျမယ် ကိုယ့်ရဲ့ နေထိုင်စရိတ်၊ စားစရိတ်၊ ပိုပိုလိုလို အသုံးစရိတ် စတဲ့ များစွာသော စရိတ်တွေကို ဖယ်လိုက်မယ် ဆိုရင်တော့ သာမှန် အခြေခံ လုပ်သားတစ်ယောက်ရဲ့ အများဆုံးရနိုင်တယ့် ဝင်ငွေပမာဏကို ရထားရင်တောင် တစ်လကို မြန်မာငွေ တစ်သိန်း မပြည့်တစ်ပြည့် လောက်သာ စုမိနိုင်ပါလိမ့်မယ်။
          အဲ့ဒါကြောင့် နိုင်ငံခြားမှာ အလုပ်လုပ်ဖို့ မသွားမှီ  မိမိကိုယ်တိုင် မိဝေးဖဝေး ရပ်ဝေးရွာဝေးကို တစ်ယောက်ထဲ သွားပြီး ကြုံလာသမျှ အဆိုးအကောင်း အားလုံးကို ဘာလာလာ မိမိတစ်ယောက်ထဲ ရင်ဆိုင်ဖြေရှင်းဖို့ ကိုလည်း ကြိုပြီး အားတင်းထား နိုင်မှ တော်ကာကျ ပါမယ်။ တိုင်းတစ်ပါးကို ရောက်ပြီ ဆိုတာနဲ့ ဘယ်သူ တစ်ဦးတစ်ယောက်ရဲ့ အကူအညီကိုမှ မျှော်လင့်လို့ မရတော့ပါဘူး။ ဟိုမှာ ကိုယ့်အမျိုး အဆွေတွေ ရှိနေတယ် ဆိုရင်တော့ တစ်မျိုးပေါ့နော်။ ကိုယ်ကိုတိုင်က အရမ်းအားငယ် တတ်တယ်ဆိုရင်တော့ လုံးဝ မသွားသင့်ပါလို့ အကြံပေးပါရစေ။
          ဒါကြောင့် နိုင်ငံခြားမှာ အလုပ်လုပ်ဖို့ ကြိုးစားနေကြတယ့် ကျွန်တော်တို့ မြန်မာနိုင်ငံ သားတွေ ထိုင်းနိုင်ငံ၊ မလေးရှား၊ စင်ကာပူစတယ့် အိမ်နီးချင်းနိုင်ငံတွေကို သွားရောက် အလုပ်လုပ် ကြတော့မယ် ဆိုရင် မသွားခင် ကိုယ့်ကိုပို့ပေးမယ် အေဂျင်စီက တာဝန်ရှိသူများနဲ့ ဟိုမှာရနိုင်မယ့် ဝင်ငွေ ခန့်မှန်းခြေ ပမာဏ၊ အလုပ်လုပ်ကိုင်ရမယ့် စက်ရုံအမျိုးအစား၊ ကိုယ်အလုပ်လုပ်ကိုင်မယ့် လုပ်ငန်းက ကိုယ့်ကျန်းမာရေးနှင့် အသက်အတွက်  အာမခံပေးနိုင် မပေးနိုင်၊ ဟိုရောက်ရင် ကိုယ်နေထိုင်ရန်အတွက် အလုပ်ရှင်ဖက်က စီမံပေးနိုင် မပေးနိုင်၊ တကယ်လို့ ကိုယ်လုပ်မယ့် အလုပ်မှာ အဆင်မပြေရင် ကိုယ်ကိုပို့ပေးတယ့် အေဂျင်စီ ကနေ ဘယ်လိုပြန်ပြီး စီစဉ်ပေးနိုင်မလဲ စတဲ့ အချက်တွေကို အသေးစိတ် အားမနာတမ်း ဆွေးနွေး မေးမြန်း သင့်ပါတယ်။ ဒီလိုမှ မဟုတ်ပဲ ကိုယ်ကအားနာလို့ အေဂျင်စီက လုပ်ပေးသမျှ အကြောင်း အကောင်း ဆိုပြီး မျက်စိမှိတ် သွားလိုက်တယ့် သူအများစုက ဟိုနိုင်ငံရောက်မှ အလုပ်အကိုင် အဆင်မပြေ ပေမယ့်လဲ ကိုယ်နဲ့ အေဂျင်စီအကြားက ချုပ်ထားတယ့် စာချုပ်သက်တမ်းအရ ဆိုတဲ့ ချည်ပြီးတုပ်ပြီး ညစ်လုံးတွေကြောင့် အလုပ် လုပ်နေရတဲ့ သုံးနှစ် သို့မဟုတ် လေးနှစ်တာ ကာလကို စိတ်ဆင်းရဲစွာနဲ့ ဖြတ်သန်းပြီး မြန်မာနိုင်ငံကို ဒုံရင်း ဒုံရင်း အတိုင်းပြန်လာရတဲ့ သူတွေလည်း များစွာရှိနေသေးတာကို သတိပြု သင့်ပါတယ်။ ထို့ကြောင့် ကိုယ်မသွားခင် သိထားသင့်တယ်လို့ ယူဆတယ့် အချက်အလက် များ အလုပ်သမားများဆိုင်ရာ ရပိုင်ခွင့် များအကြောင်းကို ကိုယ့်ကိုပို့ပေးမယ့် အေဂျင်စီနဲ့ အကြေအလည် အားမနာတမ်း တိုင်ပင်ဆွေးနွေး ပြီးမှသာ သွားသင့်ပါတယ်။
          နောက်ပြီး ကိုယ်မသွားခင် ကိုယ်ရနိုင်တဲ့ လစာ ခန့်မှန်းခြေ ပမာဏကို တည်ပြီး ကိုယ်သွားမယ့် နိုင်ငံက နေ့စဉ် ကုန်ကျမယ့် ပျမ်းမျှ အသုံးစရိတ်ကို နုတ်ကြည့်လိုက်ပါ။ ထိုမှသာ မသွားခင်ကတည်းက ကိုယ်သွားအလုပ်လုပ်ရင် တစ်လကို ဘယ်လောက် စုမိနိုင်တယ်ဆိုတယ့် ခန့်မှန်း ငွေကြေး ပမာဏကို သိရပါလိမ့်မယ်။ လက်ရှိ မြန်မာနိုင်ငံသားအများစုက ကိုယ့်အေဂျင်စီ ပြောပြတဲ့ တစ်လ မြန်မာငွေ ငါးသိန်းခန့် သို့မဟုတ် ခြောက်သိန်းခန့် ရရှိနိုင်တယ်ဆိုတယ့် မက်လုံးတစ်ခုကိုပဲ မျက်စိမှိတ် ပြီးစိတ်ထဲ မှတ်ထားတတ်ကြတယ်။ အေဂျင်စီတွေက မလိမ်ပါဘူး ဟုတ်ပါတယ် တကယ်သွားရင် အဲ့ဒီလောက် နီးနီး တော့လူတိုင်းရကြပါတယ်။ ဒါပေမယ့် အေဂျင်စီ အများစု မပြောပဲ ထိမ်ချန်ထားတယ့် အချက်တစ်ချက်က သွားမယ့် နိုင်ငံရဲ့ အသုံးစရိတ်ကိုပါ။ ဒါကြောင့် ကိုယ်တစ်လ ဘယ်လောက်စုမိနိုင်မလဲ ဆိုတယ့် အချက်ကို အနီးစပ်ဆုံး တွက်ကြည့်ချင်ရင်တော့ ကျွန်တော် အပေါ်မှာ ပြောခဲ့သလိုပဲ ကိုယ်ရမယ့် လစာထဲကနေ ခန့်မှန်းချေ အသုံးစရိတ်ကလေး နုတ်ကြည့်ဖို့တော့ လိုပါလိမ့်မယ်။
          ဟုတ်ပါတယ် တကယ်တိုးတက် ဖွံ့ဖြိုးနေတယ့် နိုင်ငံမှာ သွားအလုပ်လုပ်မှာ ဖြစ်တဲ့အတွက် လုပ်အားခကလည်း တခြားနိုင်ငံငယ်ကလေးတွေထက်တော့ များစွာပိုပါတယ်။ ဒါပေမယ့် တိုးတက်နေတဲ့ နိုင်ငံဖြစ်သည့် အတွက် လုပ်အားခ များသလို အသုံးစရိတ်လည်း ပိုများတာကတော့ ဓမ္မတာ ပါပဲ။ ဒါကြောင့် စစ်စစ်ကုပ်ကုပ်နဲ့ မစုတတ်တဲ့ သူတွေအတွက်ကတော့ နိုင်ငံခြားမှာ ရတယ့် လစာနိုင်ငံခြား ရဲ့ကြီးမားတဲ့ အသုံးစရိတ်နဲ့ တွက်လိုက်ရင်တော့ ဘဲစားဘဲခြေပဲ ဆိုတာထက် ပိုမှာမဟုတ်ပါဘူး။ ဒါကြောင့် မချွေတာတတ် သူများကိုလည်း နိုင်ငံခြား ထွက်ပြီး အလုပ်လုပ်ဖို့ကို နှစ်ခါပြန်စဉ်းစားစေခြင်ပါတယ်။
          နောက်ပြီး ကိုယ်က ဆယ်တန်းလည်း မအောင် မြန်မာနိုင်ငံထဲက ရမယ့်လုပ်အားခကိုလည်း အားမရ ကမ္ဘာပတ်ပြီး စွန့်စားချင်စိတ် ကလေးကလည်း ရှိတဲ့ ရွှေမြန်မာများအတွက်ကတော့ မသွားခင်မှာ English Speaking ကလေးကိုတော့ ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်အောင် သင်သွားစေချင်ပါတယ်။ နောက်ဆုံးကိုယ်က အောက်ခြေ အလုပ်သမားပဲ ဖြစ်စေဦးတော့ Speaking နိုင်တယ်ဆိုရင် အထက်လူကြီး လဲကိုယ့်ကို အထင်မသေးရဲတဲ့အပြင် အားကိုးအားထားပြု လာနိုင်ပါတယ်။ စက်ရုံတစ်ရုံမှာ အလုပ်လုပ်နေကြတဲ့ အလုပ်သမားတွေနဲ့ ကြီးကျပ်သူတွေက နိုင်ငံမတူ ဘာသာစကားမတူ တစ်ဦးပြောလို့ တစ်ဦးနားမလည် ဆိုတယ့် ဒုက္ခကလည်း တကယ်မသေးပါဘူး။ နောက်ပြီး နိုင်ငံခြားက စက်ရုံတော်တော် များများမှာလည်း မြန်မာနိုင်ငံသား လုပ်သားတွေက ၄၀ ရာခိုင်နှုန်းလောက် နေရာယူထားကြတာပါ။ ဒါကြောင့် ကိုယ်က Speaking ကောင်းကောင်းရတယ် ဆိုရင် ကိုယ့်အထက်လူကြီးနဲ့ အလုပ်သမားတွေကြားက စကားပြန် နားလည်မှု ပေါင်းကူးတံတား တစ်စင်း ဖြစ်သွားနိုင်ပါတယ်။ ဒါဆိုရင်တော့ ကိုယ်က အောက်ခြေ အလုပ်သမား ဘဝကနေ ရာထူးတိုးဖို့ ၆၀ ရာခိုင်နှုန်းလောက် သေချာ သွားပြီပေါ့။ ပြီးတော့ သူများနိုင်ငံမှာ အလုပ် လာလုပ်တယ့် အလုပ်သမားတွေ အားလပ်ရက်မှာ အပြင်ထွက်လည်နေစဉ် ရဲက ရစ်ပြီး ပိုက်ဆံတောင်းတဲ့ အဖြစ်တွေလဲ များစွာရှိပါတယ်။ ဒါပေမယ့် ကိုယ်က English လိုပြန်မှုတ်နိုင်မယ် ဆိုရင်တော့ လာရစ်နေတဲ့ ရဲတွေလည်းကိုယ့်ကို အထင်မသေးရဲပဲ ဆက်မရစ်တော့တာ အေးအေးလူလူ ကိုယ်သွားနေတဲ့လမ်း ဆက်သွားခွင့် ပြုလိုက်တာ စတဲ့ သာဓကတွေလဲ များစွာရှိပါတယ်။ ဒါကြောင့် မသွားခင် English Speaking ကို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်အောင် သင်ယူလေ့ကျင့်သွားစေချင်ပါတယ်။
          ကဲ အသုပ်စုံရဲ့ စာဖတ်ပရိတ်သတ် တွေထဲက နိုင်ငံရပ်ခြား တိုင်းတစ်ပါးသို့ သွားရောက်ပြီး အလုပ်လုပ်ကိုင်လိုတဲ့ သူများရှိရင်လည်း လဝန်းညို ပြောပြခဲ့တဲ့ အချက်အလက် လေးတွေအတိုင်း သေချာ စဉ်းစားစီစဉ်ပြီး မှသွားကြပါလို့လည်း လဝန်းညိုက စေတနာများစွာဖြင့် သတိပေး လိုက်ပါတယ်နော်။ လဝန်းညို ပြောပြတယ့် အကြောင်းအရာများထဲမှာ ပရိတ်သတ်ကြီး စိတ်မတွေ့စေမယ့် အကြောင်းအရာများ ပါခဲ့ရင်လည်း လဝန်းညိုရဲ့ စေတနာ အမှားကို သည်းခံခွင့်လွှတ်ပေးဖိုကိုလည်း ကြိုပြီး တောင်းပန်ထားပါရစေနော်။ နောက်နောင်ကိုလည်း လဝန်းညို တို့ရဲ့ Blog ဖြစ်တယ့် www.athoatsone.blogspot.com အသုပ်စုံ Blog နှင့်  facebook page (athoatsone) ကိုလည်း အမြဲလာလည်ဖို့ ဖိတ်ခေါ်ပါရစေ။
စေတနာ များစွာဖြင့်
အသုပ်စုံ (လဝန်းညို)